မြန်မာနယ်စပ်မှာ နယ်ခြားစောင့်တပ် တိုးမြှင့်ချထားမယ်လို့ ထိုင်းစစ်တပ်အကြီးအကဲပြော
2025.01.30

တရုတ်နိုင်ငံသားတွေ ဆက်သွယ်ရေးလိမ်လည်ဂိုဏ်းတွေရဲ့ဖြားယောင်းခံရပြီး အဓမ္မအလုပ်ခိုင်းစေခံရမှုတွေကနေ ကာကွယ်ဖို့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ပြီး ကင်းလှည့်မယ်လို့ ထိုင်းတပ်မတော် အမှတ်-၃ စစ်ဒေသမှူး ဒုဗိုလ်ချုပ်ကြီး ကစ်တီဖုံချန်စူဝမ် က ကတိပြုပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၃ဝ ရက်နေ့က ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ ဦးစီးကျင်းပတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အစည်းအဝေးအပြီးမှာ ပြောလိုက်တာပါ။
ထိုင်း-မြန်မာနယ်စပ်မှာ စောင့်ကြပ်နေတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်သွားမယ့်အပြင် နယ်စပ်ဒေသတွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးဖို့အတွက် လုံခြုံရေးတပ်ဖွဲ့အသီးသီးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဝေးလံခေါင်သီတဲ့ ဒေသတချို့မှာလည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးက ပံ့ပိုးပေးတဲ့ စောင့်ကြည့်ကိရိယာတွေကို ဖြန့်ကျက် ချထားမယ်လို့လည်း ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ တရုတ်လူမျိုးတွေကို တွေ့ရင်လည်း သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။