ထိုင်းမှာ တစ်လအတွင်း တရားမဝင် မြန်မာ လေးထောင်ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားမဝင်နည်းနဲ့ ဝင်ရောက်မှုတွေ သိသိသာသာများလာနေပြီး ဇန်နဝါရီလ တစ်လအတွင်း မြန်မာအလုပ်သမား ၄ဝဝဝ ကျော် ထိုင်းမှာ အဖမ်းခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခက်အခဲတွေကြောင့် အလုပ်အကိုင် ရှားပါးလာတာ၊ တရားဝင်သွားဖို့ နိုင်ငံကူးလက်မှတ်တွေ လုပ်တဲ့အခါမှာ ခက်ခဲတာတွေကြောင့် ပွဲစားတွေကို ငွေပေးပြီး ထိုင်းနိုင်ငံကို တရားမဝင်နည်းတွေနဲ့ အများအပြားလာနေကြတာလို့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သား ရှစ်သိန်း အရေးပေါ်လိုအပ်နေပြီး အမြန်ဆုံးခေါ်ယူဖို့ ထိုင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က ထိုင်းအစိုးရကို မကြာခင်ရက်ပိုင်းကပဲ တင်ပြထားပြီး ခေါ်ယူမဲ့အထဲမှာ မြန်မာအလုပ်သမား လေးသိန်းလောက် ခေါ်ယူဖို့ ရှိတယ်လို့ ဦးမင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်း တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမားလိုအပ်ချက်တွေကြောင့် မြန်မာအပါအဝင် ကမ္ဘာဒီးယား၊ လာအို အိမ်နီးချင်း သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား လေးသိန်းကျော်ကို နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU)စနစ်နဲ့ ပြန်လက်ခံဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စီစဉ်ခဲ့ပေမဲ့ အခုထိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဝင်ခွင့်မရသေးပါဘူး။