မြန်မာပြည်သူတွေကို အမြန်ဆုံး အကူအညီပေးဖို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်တိုက်တွန်း

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.05.21
မြန်မာပြည်သူတွေကို အမြန်ဆုံး အကူအညီပေးဖို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်တိုက်တွန်း ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွှန်ရက် (Pita Limjaroenrat)
AFP

မိုခါဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးကြဖို့ ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွှန်ရက် Pita Limjaroenrat က တိုက်တွန်းလိုက်ပါတယ်။

မုန်တိုင်းတွင်း သေဆုံးခဲ့ရသူတွေ၊ အိုးအိမ်ဆုံးရှုံးရသူတွေနဲ့ ထပ်တူခံစားရတယ်လို့ မေလ ၂၁ ရက် ဒီကနေ့ညနေပိုင်းက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးထားပါတယ်။

သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေတဲ့ မုန်တိုင်းသင့် မြန်မာပြည်သူတွေကို အထောက်အပံ့ပေးရေးဟာ သူဝန်ကြီးချုပ်အသစ်ဖြစ်လာရင် ဦးစားပေးလုပ်မယ့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ရင် အရေးပါတဲ့သူတွေ၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေအားလုံးကို တွေ့ဆုံဆွေးနွေးမယ့် နိုင်ငံခြားရေးမူဝါဒ ထားရှိမယ်လို့လည်း ပီတ လင်ဂျာရွှန်ရက်က ပြောပါတယ်။

လူသားချင်းစာနာမှု၊ စီးပွားရေးနဲ့ လူမှုဘဝတိုးတက်လုံခြုံရေးအပိုင်းတွေကို အဓိကအာရုံစိုက်မှာဖြစ်ပြီး မြန်မာနိုင်ငံရော၊ ထိုင်းနိုင်ငံသာမက အာဆီယံနဲ့ နိုင်ငံတကာအတွက်ပါ အေးချမ်းတဲ့အသိုက်အမြုံဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း သူက ကတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ပီတ လင်ဂျာရွှန်ရက်ဦးဆောင်တဲ့ Move Forward ပါတီဟာ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီတွေကို ကျော်တက်ပြီး မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။

ပြည်သူလူထုရဲ့ မဲဆန္ဒတွေကို လျစ်လျူမရှုဘဲ ထိုင်းစစ်အစိုးရကသာ ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်ဆိုရင်တော့ ပီတ လင်ဂျာရွှန်ရက်ဟာဒေသတွင်း အာဆီယံနိုင်ငံတွေကြားမှာ အငယ်ဆုံး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာပါမယ်။

သူထိုင်းဝန်ကြီးချုပ်ဖြစ်လာရင် မြန်မာ့အရေးအတွက် ပိုပြီးအကူအညီရလာမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ထင်မြင်ယူဆကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။