ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးကို လူသတ်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဇွန်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။
ဒီမြန်မာအလုပ်သမားတွေဟာ ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ် ဟတ်ယိုင်ခရိုင်က တောအုပ်တစ်ခုအတွင်း ပုန်းအောင်းနေစဉ် ဖမ်းဆီးခံရပြီး သူတို့နဲ့မနီးမဝေး မီတာ ၃ဝဝ အကွာ ဂေါက်ကွင်းဘေးမှာ ခြေလက်ကြိုးတုပ်ပြီး မြေမြှုပ်အသတ်ခံထားရတဲ့ အလောင်းတစ်ခု တွေ့ရှိခဲ့တဲ့ကိစ္စနဲ့ မြန်မာအလုပ်သမား ၁၉ ဦးနဲ့ ထိုင်းလူပွဲစား နှစ်ဦးကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အသတ်ခံရသူဟာ အသက် ၄ဝ အရွယ် ထိုင်းအမျိုးသားဖြစ်ပြီး သစ်တောထွက်ပစ္စည်းတွေကို စုဆောင်းနေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီ ထိုင်းအမျိုးသားဟာ မလေးရှားနိုင်ငံကို ဦးတည်သွားတဲ့ တရားမဝင်အလုပ်ရှာဖွေသူတွေကို တွေ့ခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။ သူအသတ်ခံရမှုမှာ ပါဝင်မှု ရှိမရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ DNA နမူနာကို စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ....
“ ဇွန်လ ၁ ရက်နေ့ ဆုန်ခလာပြည်နယ် ဘန်းခေါင်မောင်ဆိုတဲ့ ရွာမှာ ဖြစ်တာ။ သစ်တောဧရိယာမှာ ဖြစ်တာ။ အဲဒီသစ်တောဧရိယာမှာထဲမှာ ဦးခေါင်းကို ရိုက်နှက်ဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ အသက် ၄၀ အရွယ် အဲဒီထိုင်းနိုင်ငံသားက ငါးမျှားထွက်နေတုန်းမှာ အသတ်ခံရတယ်လို့ ယူဆကြတယ်။ အဲဒီထိုင်းနိုင်ငံသားက ငါးမျှားထွက်နေစဉ်မှာ ထိုင်းကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ဖို့အတွက် တောတနေရာမှာ ပုန်းအောင်းနေတဲ့ မြန်မာတွေက သူ့ကိုတွေ့ရှိတာကြောင့်မလို့ အဲဒီမြန်မာတွေက သူတို့ကို သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားမှာ စိုးရိမ်တဲ့အတွက်ကြောင့် ဝိုင်းဝန်းရိုက်နှက်လိုက်တယ်လို့ ရဲက ယူဆထားတယ်။ အဲလို ယူဆရအောင်လည်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ သဲလွန်စတွေ ရှိတယ်။ နောက်နောင် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့အခါမှာ မြန်မာတွေ အထူးသတိထားကြရတော့မယ်။ ဒီဖြစ်ရပ်က ဆိုးတယ်။ သံသယတရားခံလို့ ခေါ်တာပေါ့။ ဥပဒေအရဆို သံသယတရားခံက မြန်မာတွေ ဖြစ်နေတယ်။ အဲဒါကြောင့် နောက်နောင် ထိုင်းနိုင်ငံထဲ ဝင်လာတာဖြစ်ဖြစ်၊ မလေးရှားနိုင်ငံကို ဖြစ်ဖြစ် လူသူကင်းရှင်းတဲ့နေရာမှာ ပုန်းနေရင် ဒေသခံ ထိုင်းနိုင်ငံသားတွေကို တစ်စုံတစ်ရာ ကိုယ်ထိလက်ရောက် မဖြစ်စေဘဲ ကိုယ်သွားစရာ ရှိတာ ကိုယ်သွားတာပဲ ကောင်းမယ်”
ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်ဆိုသလို ဖမ်းဆီးခံနေရပြီး မေလတစ်လတည်းမှာပဲ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၅ဝဝဝ ကျော်နဲ့ လူပွဲစား ၁၅၀ ကျော် ကို ထိုင်းရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။