ထိုင်းနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလက မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ မမြင့်မြင့်ခိုင် အမှုအတွက် တရားခံ ထိုင်းအမျိုးသားကို လာမယ့်စက်တင်ဘာလမှာ အမိန့်ချမယ်လို့ မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့အတူ အမှုကိုလိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုး သန့်က ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဇွန်လ ၆ ရက်နေ့က - ကဘင်ဘူရီတရားရုံးမှာ တရားလိုသက်သေ ရဲဝန်ထမ်း နှစ်ယောက်နဲ့ မျက်မြင်သက်သေ ခြံစောင့်အမျိုးသားကြီးတစ်ယောက်တို့ကို စစ်ဆေးခဲ့ပါတယ်။ တရားခံ အမျိုးသားကလည်း အပြစ်ရှိကြောင်း တာဝန်ခံထားလို့ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမိန့်ချမှာလို့ ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။
“၆ ရက်နေ့မှာ တရားလိုဘက်က သက်သေ သုံးယောက်ကို စစ်ပါတယ်။ ဒီဘက်ကတင် ထားတဲ့ သက်သေခံ ပစ္စည်း ၁၈ ခုလောက်ကလည်း အားလုံး ခိုင်လုံတယ်။ ဟိုဘက်က နေပြီးတော့ ဝန်ခံတဲ့သဘော ရှိပါတယ်။ တရားခံဘက်က ဒီနေ့ အားလုံး စစ်ပြီးတဲ့အဆင့် ဖြစ်သွားပြီ။ အဲဒီတော့ ၁၃ ရက် ၉ လပိုင်းကျရင် အမိန့်ချမယ်လို့ တရားရုံးက ပြောလိုက် ပါတယ်။ ပြစ်ဒဏ်တွေကတော့ အမှန်အတိုင်း ပြောလိုက်ရင် သေဒဏ်ထိုက်တဲ့ အမှုတွေ ပဲ။ ဒါပေမဲ့ သူက ဝန်ခံတယ်ဆိုရင်တော့ အနည်းဆုံး တစ်သက်တစ်ကျွန်းလောက်တော့ ကျနိုင်တယ်”
မြန်မာသံရုံးဘက်က ဦးအောင်ကိုဇော်နဲ့ ဦးလင်းမြတ်တို့ ဦးဆောင်ပြီး အမှုကို ကူညီပေးနေ တယ်လို့ သိရပါတယ်။ တရားခံ ထိုင်းအမျိုးသားကို လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲထားပါတယ်။ သူ့ကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမှုတွဲတင်ခဲ့ တာလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် မြန်မာသံရုံးက ထောက်ပံ့ငွေ ဘတ် ၁ သောင်းပေးထား သလို၊ နစ်နာ ကြေးရဖို့လည်း ဆက်ပြီး ကူညီနေတယ်လို့ အသတ်ခံရသူ မမြင့်မြင့်ခိုင်ရဲ့ အစ်မ မမြမြအေးက RFA ကို ပြောပါတယ်။
“အမိန့်ကတော့ ၉ လပိုင်း ၁၃ ရက်နေ့မှာ ချမယ်။ သူ့အတွက် တရားမျှတမှုရဖို့ အားလုံး ဆုတောင်းပေးကြပါ။ အမိန့်ချမှတ်တဲ့အခါမှာလည်း တစ်သက်တစ်ကျွန်းလို ရှိပါစေပေါ့။ သူတို့က (သံရုံး) က အမှုအတွက်ရယ်၊ နစ်နာကြေးအတွက်ရယ်၊ ဒါပေမဲ့ နစ်နာကြေးက တော့ စာတင်လို့ မရဘူးရှင့်၊ စာရွက်စာတမ်း မပြည့်စုံလို့။ အဲ့ကိစ္စက သူတို့အပြစ်ချပြီး တော့မှ ဆက်လုပ်လို့ရမယ်လို့ ပြောတယ်”
သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် နစ်နာကြေး တစ်လ ဘတ်ငွေ ၅ဝဝဝ နှုန်းနဲ့ နှစ် ၄ဝ စာ၊ ဘတ်ငွေ ၂၄ သိန်း တောင်းခံသွားဖို့ စီစဉ်ဆောင်ရွက်နေသလို၊ မမျှော်လင့်တဲ့ အခြေအနေ ရှိလာရင် ထိုင်းရှေ့နေ၊ မြန်မာရှေ့နေ တွေနဲ့ တရားရင်ဆိုင်သွားမယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် ကောင်းမှုကုသိုလ် ပြုလုပ်ပေးနိုင်ဖို့ မိသားစုကို ဘတ်ငွေ တစ်သောင်း ထောက်ပံ့ခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဇွန်လ ၆ ရက်နေ့က ဖော်ပြထားပါတယ်။
မြန်မာသံရုံးတာဝန်ရှိသူတွေ၊ မြန်မာရှေ့နေ၊ ထိုင်းရှေ့နေ ပါဝင်တဲ့အဖွဲ့က အမှုနဲ့ပတ်သက် တဲ့ အချက်အလက်တွေ၊ စကားပြန်နဲ့ ရှေ့နေ အချက်အလက်တွေကို ကဘင်ဘူရီတရားရုံး ကို ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ်၊ ဘန်းခလောင်ကလန်ကဘွန်ကျေးရွာအုပ်စုမှာ ဖြစ်ခဲ့တာပါ။ အဲဒီဒေသမှာ အလုပ်လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကယန်းတိုင်းရင်းသူ မမြင့်မြင့်ခိုင်ကို သူနဲ့အတူ ငါးဖမ်းပိုက်ကွန်စက်ရုံမှာ မီးပြင်ဆရာအဖြစ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buarman က အတင်းအဓမ္မ ခေါ်သွားပြီး မုဒိမ်း ကျင့် သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
မမြင့်မြင့်ခိုင်ပျောက်သွားပြီး ငါးရက်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာမှ အလောင်းကို ပြန်တွေ့ခဲ့လို့ အဲဒီလိုအဖြစ်ဆိုး ကြုံရတာကို သိခဲ့ကြတာဖြစ်ပါတယ်။ ကျူးလွန်တဲ့ ထိုင်း အမျိုးသားလည်း တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
မီးရှို့ခံထားရတဲ့ မမြင့်မြင့်ခိုင်ရဲ့ ကျန်ခဲ့တဲ့အရိုးကို ထိုင်းတာဝန်ရှိသူတွေက မျိုးရိုးဗီဇ DNA စစ်ဆေးပြီး အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ ကြွင်းကျန်တဲ့အရိုးစုကို သင်္ဂြိုဟ်လိုက် ပါတယ်။ မမြင့်မြင့်ခိုင်အတွက် တရားမျှတမှုရဖို့၊ ထိုင်းရောက် မြန်မာအလုပ်သမားတွေက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။