ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဝန်ချီစက်ပြိုကျမှု မြန်မာငါးဦးသေဆုံး
2024.03.29
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လယောင်းမြို့နယ်ရှိ သံမဏိစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတ်လ ၂၉ ရက်နေ့က ကရိန်းပြိုကျလို့ မြန်မာနိုင်ငံသား ငါးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
မြန်မာအလုပ်သမားငါးဦး ပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် မြန်မာအလုပ်သမားတစ်ဦးကို ဒဏ်ရာအပြင်းအထန်နဲ့ အရေးပေါ် ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများကူညီပေးရေးအဖွဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။
"စက်ရုံကြီး၊ အလုပ်ရုံကြီးဆောက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ကရိန်းကားကြီး အဆမတန်ဝန်ကို မတာပေါ့နော်၊ မတဲ့အချိန်မှာ ကရိန်းကားကြီးပြိုကျပြီးတော့ ကရိန်းကားမောင်းတဲ့ တရုတ်တစ်ယောက်ရော၊ မြန်မာလုပ်သား ငါးဦးရော၊ တစ်ဦးကတော့ လက်ရှိအရေးပေါ်ပို့ရတယ်၊ အဲလူလည်း အခြေအနေမကောင်းဘူး၊ လက်ရှိကတော့ ပွဲချင်းပြီးကတော့ ကရိန်းကားမောင်းတဲ့ တရုတ်လူမျိုးနဲ့ မြန်မာငါးဦး ပွဲချင်းပြီးသေသွားတဲ့ ဖြစ်စဉ်ပေါ့နော်၊ အင်မတန် ထိန်လန့်ဖွယ်ကောင်းတယ်"
တရုတ်နိုင်ငံသားပိုင် သံမဏိစက်ရုံ ဆောက်လုပ်ရေးလုပ်ခွင်မှာ ကရိန်းပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ခြောက်ဦးနဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းကလည်း ဖော်ပြထားပါတယ်။
ဒီလုပ်ငန်းခွင့်မှာ အရင်ကလည်း မတော်တဆကြောင့် အလုပ်သမားတွေ သေဆုံးဖူးတယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။
အလုပ်သမားတွေ အကူအညီတောင်းလာလို့ အလုပ်သမားတွေ နစ်နာကြေးရရှိအောင် MHAC အဖွဲ့က ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
အရင်ကလည်း သေဆုံးမှုတွေကို ဆောက်လုပ်ရေးသူဌေးဘက်က တာဝန်ယူမှုမရှိတာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ လာရောက်သယ်ယူတဲ့ ကားတွေကို အလုပ်သမားတွေက အထွက်မခံဘဲ ပိတ်ဆို့တာတွေလည်း ရှိခဲ့တယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။
ဒီစက်ရုံမှာ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ထောင်ကျော်အပါအဝင် အလုပ်သမားသုံးထောင်ကျော် အလုပ်လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။