ထိုင်းမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးမိ
2024.08.01

ဇွန်လ ၅ ရက်နေ့ကနေ ဇူလိုင် ၂၅ ရက်နေ့အထိ ရက်ပေါင်း ၅ဝ အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် (၁၁ဝ,၁၃ဝ) ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဇွန်လဆန်းက စတဲ့ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ ဖမ်းဆီးရေး ရက် ၁၂ဝ စီမံချက်နဲ့ ဖမ်းဆီးနေတာလို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုး က RFA ကို ပြောပါတယ်။
“အဲဒီစီမံချက်မှာ အထောက်အထားမဲ့ အလုပ်သမားတွေ၊ အလုပ်လုပ်ခွင့် Work Permit မရှိတဲ့ အလုပ်သမားတွေနဲ့ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အမျိုးအစားတွေကို လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို တွေ့ရှိမယ်ဆိုရင် ငွေဒဏ်အနေနဲ့ ထိုင်းငွေဘတ် ငါးထောင်ကနေ ဘတ်ငါးသောင်းအထိ အလုပ်သမားကနေ ပေးဆောင်ရမှာဖြစ်တယ်၊ အဲဒီအလုပ်သမားဟာ နေရပ်ပြန်ပို့ခံရခြင်းနဲ့အတူ ထိုင်းနိုင်ငံမှာလာပြီးတော့ အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ် အပိတ်ခံရမှာဖြစ်တယ်၊ အဲဒီလိုပိတ်ခံထားရချိန်မှာ ထိုင်းနိုင်ငံထဲပြန်ဝင်လာမယ်ဆို ထောင်ဒဏ်နှစ်နှစ် ကျခံရမှာ ဖြစ်တယ်"
အဲဒီအထောက်အထားမဲ့ အလုပ်သမားတွေကို လက်ခံတဲ့အလုပ်ရှင်တွေဟာလည်း အလုပ်သမားတစ်ယောက်အတွက် ထိုင်းဘတ်ငွေ တစ်သောင်းကနေ တစ်သိန်းအထိ ဒဏ်ငွေပေးဆောင်ရမှာပါ။ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်တဲ့ အလုပ်ရှင်တွေကတော့ ထောင်ဒဏ် အများဆုံး တစ်နှစ်နဲ့ ဒဏ်ငွေဘတ် ငါးသောင်းကနေ နှစ်သိန်းအထိ ပေးဆောင်ရပါမယ်။
ဒါ့အပြင် အဲဒီအလုပ်ရှင်ဟာ ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းခွင့် သုံးနှစ် အပိတ်ခံရမယ့်အကြောင်း ထိုင်းအလုပ်သမားညွှန်ကြားရေးမှူးချုပ်က သတိပေးထားတယ်လို့ ဦးမိုးကြိုးက ဆိုပါတယ်။
ထိုင်းတော်ဝင်တပ်မတော်၊ နယ်ခြားစောင့်တပ်၊ မြို့စောင့်တပ်၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့အပြင် အမိမြေလုံခြုံရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးမှူးတွေ၊ အလုပ်သမားဌာနက တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့စုံပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေး ဖမ်းဆီးနေတာလို့လည်း ပြောပါတယ်။
မြန်မာတွေအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ အခြားနိုင်ငံသား အလုပ်သမားတွေ စုစုပေါင်း တစ်သိန်းခွဲနီးပါး (၁၄၇,၇၂၆) ဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။
ဒီအထဲက မြန်မာနိုင်ငံသား ၆၅၈ ဦး၊ လာအိုနိုင်ငံသား ၁၄၇ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၄၁ ဦး၊ ဗီယက်နမ် နိုင်ငံသား ၂၁ ဦး၊ အခြားနိုင်ငံက အလုပ်သမား အယောက် ၇ဝ ကို စီမံချက်အရ အရေးယူထားပြီးဖြစ်ပါတယ်။