ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား တစ်သိန်းခွဲကျော် ရှိလာ
2024.08.28
ထိုင်းနိုင်ငံမှာ ဇွန်လ ၅ ရက်ကနေ သြဂုတ်လ ၂၂ ရက်ထိ ရက်ပေါင်း ၇၈ ရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းခွဲကျော် (၁၅၅,၆၆၉ ဦး) ဖမ်းဆီးထားတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရရဲ့ တရားမဝင် အလုပ်သမားတွေဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်မှာ အထောက်အထားမဲ့ အလုပ်သမား နှစ်သိန်းကျော် (၂၀၈,၀၃၅ ) ကိုဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲကျော်အထိ အများဆုံးပါဝင်နေတာပါ။
အဖမ်းခံရသူတွေထဲမှာ မြန်မာအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေ အထောက်အထားမဲ့ အလုပ်သမားတွေလည်း ပါဝင်ပါတယ်။
ဖမ်းဆီးထားတဲ့ အလုပ်သမားတွေထဲက မြန်မာနိုင်ငံသား ၉၁၄ ဦးနဲ့ တခြားနိုင်ငံခြားသား ငါးရာကျော်ကို စီမံချက်အရ အရေးယူထားပြီး ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။
သူတို့ကို နေရပ်ပြန်ပို့ပြီး ထိုင်းနိုင်ငံထဲ ပြည်ဝင်ခွင့် နှစ်နှစ် အပိတ်ခံရမှာဖြစ်တာကြောင့် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် စိုးရိမ်စရာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“သူရှေ့မှာလည်း ကော့သောင်းဘက်က ပြန်ပို့လိုက်သူတွေကို မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းရေးထဲမှာ ပါသွားတယ်လို့ သိရတာဖြစ်တဲ့အတွက် စိုးရိမ်ရတယ်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်လာဘူးလို့ ပြောလို့မရဘူး။ စစ်သားစုဆောင်းတဲ့ လုပ်ငန်းစဥ်မှာ ပါမသွားသည့်တိုင်အောင် ပြည်ပက ပြန်လာသူတွေကို ငွေညှစ်တာ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေနဲ့ ရစ်တာတို့ အချုပ်ထဲ၊ ထောင်ထဲကိုထည့်တာတို့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”
သြဂုတ်လထဲမှာပဲ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်ပြန်သွားတဲ့သူတွေကို မြန်မာနိုင်ငံဘက်အရောက် ကော့သောင်းဆိပ်ကမ်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော် ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောထားပါတယ်။