မြန်မာစီးပွားရေးလုပ်ငန်း အမြောက်အမြား ထိုင်းကိုပြောင်းရွှေ့
2024.08.09
မြန်မာ့ပြည်တွင်းပဋိပက္ခတွေကြောင့် မြန်မာပြည်က စီးပွားရေးလုပ်ငန်းအများအပြား ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာခဲ့တယ်လို့ နစ်ကီအေးရှား သတင်းက ဖော်ပြပါတယ်။
မြန်မာ့စီးပွားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ သုံးလအတွင်း ထိုင်းနိုင်ငံမှာ မြန်မာလုပ်ငန်း အမြောက်အများ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနဲ့ မတည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေကြောင့် စီးပွားရေးလုပ်ဖို့ ပိုခက်ခဲလာတယ်လို့ ဘန်ကောက်ကို ပြောင်းပြီး ဆိုင်လာဖွင့်တဲ့ ဖုန်းနဲ့ကွန်ပျူတာဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောကြောင်း ရေးသားထားပါတယ်။
လက်ရှိ ထိုင်းနိုင်ငံဟာ ပိုမိုတည်ငြိမ်တဲ့ နိုင်ငံရေး စီးပွားရေး အခြေအနေတွေကြောင့် စီးပွားရေးလုပ်ဖို့ ကောင်းတဲ့ နိုင်ငံတစ်ခုလို့လည်း မြန်မာရွှေ့ပြောင်းလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ထိုင်းကို ဈေးကွက်သစ်ချဲ့ထွင်ပြီး လုပ်ငန်းတွေပြောင်းရွှေ့ဖွင့်လှစ်ထားဖို့က မြန်မာ စီးပွားရေးသမားတွေရဲ့ မျက်စိကျရာ ဖြစ်လာနေပါတယ်။
မြန်မာနိုင်ငံမှာ ရပ်တည်လာတာ နှစ်လေးဆယ်ကျော်ပြီဖြစ်တဲ့ ချယ်ရီဦး နာရီဆိုင်ဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဘန်ကောက်မြို့မှာ ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်ခဲ့တယ်လို့ နစ်ကီအေးရှား သတင်းက ဆိုပါတယ်။
ဒါ့အပြင် ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်ဟာလည်း စားသုံးသူတွေရဲ့ တောင်းဆိုချက်အရ နောက်ထပ်ဆိုင်ခွဲတစ်ခု ထပ်ဖွင့်ခဲ့ရတယ်လို့ ဆိုင်မန်နေဂျာမှ နစ်ကီအေးရှား သတင်းဌာနကို ပြောပါတယ်။
မကြာသေးမီက ခန့်မှန်းချက်တွေအရ ထိုင်းမှာ တရားဝင်ရော တရားမဝင်ရော ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ငါးသန်းလောက်ရှိပြီး အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။