မြန်မာကလေး နှစ်ရာနီးပါး ပညာသင်နေတဲ့ စာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်း
2025.01.29

ထိုင်းနိုင်ငံ စူရတ်ဌာနီပြည်နယ် ကော့ဖငန်းကျွန်းမှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ ခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား ဆရာ၊ ဆရာမ လေးဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီမှာ မြန်မာကျောင်းဆရာ၊ ဆရာမ လေးဦးနဲ့ မြန်မာကလေး ၁၉ဝ ကျော် ပညာသင်ကြားနေပြီး မြန်မာဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ ကျောင်းသင်ရိုးစာအုပ် ၃၁ အုပ်ကို သိမ်းဆည်းရမိထားတယ်လို့ ထိုင်းအခြေစိုက် Khaosod English သတင်းဌာနက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။
ကျောင်းမှာ စာသင်နေတဲ့ ဆရာ၊ ဆရာမ လေးဦးကို တရားမဝင်ကျောင်းဖွင့်လှစ်မှုနဲ့ စွဲချက်တင်ခံထားရပြီး အဲဒီထဲက နှစ်ဦးဟာ အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေတာ တွေ့ရှိထားတယ်လို့လည်း ကော့ဖငန်းကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။ ဘုရားကျောင်းမှာ ခွင့်တောင်းပြီး မြန်မာကလေးတွေကို ပညာသင်ပေးနေတဲ့နေရာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံသား ကလေးမိဘတွေဟာ ကိုဖန်ဂန်မှာ ရွှေ့ပြောင်း အလုပ်သမားတွေအဖြစ် အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သွားချိန်မှာ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် အဲဒီကျောင်းမှာ အပ်နှံထားတာလို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ကျောင်းသားတစ်ဦးကို ထိုင်းဘတ်ငွေ ၃ဝဝ ကနေ ၅ဝဝ ကြား ပေးရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ပထမပတ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီပြည်နယ်က မြန်မာစာသင်ကျောင်း ခြောက်ကျောင်းကို တရားမဝင်လို့ဆိုပြီး ထိုင်းအစိုးရက ပိတ်သိမ်းထားပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း စူရတ်ဌာနီပြည်နယ်က နေ့ကလေးထိန်းကျောင်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းပြီး ကျောင်းဖွင့်ထားတဲ့ ရုရှားနိုင်ငံသား ငါးဦး၊ ယူကရိန်းနိုင်ငံသား နှစ်ဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီရှစ်ဦးထဲမှာ မြန်မာတစ်ဦးအပါအဝင် ငါးဦးက အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေတာတွေ့ရှိထားတယ်လို့ Khaosod English သတင်းက ဖော်ပြပါတယ်။