မြန်မာနယ်စပ်ကို မသွားဖို့ မယ်ဟောင်ဆောင်ခရိုင်မှူး သတိပေး

RFA Burmese
2025.03.11
မြန်မာနယ်စပ်ကို မသွားဖို့ မယ်ဟောင်ဆောင်ခရိုင်မှူး သတိပေး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း မြန်မာနိုင်ငံဘက်မှ ပစ်လိုက်သည့် မော်တာကျည်ကို ထိုင်းအာဏာပိုင်များမှ သွားရောက်စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Khaosod English

ထိုင်းမြန်မာနယ်စပ်အနီးမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ သတိထားနေထိုင်ဖို့နဲ့ နယ်စပ်ဒေသတွေကို မသွားကြဖို့ မယ်ဟောင်ဆောင်ခရိုင်မှူး Yutthana Jaoduri က သတိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲက ဂေါ်ဖီစိုက်ခင်းတစ်ခုထဲကို မြန်မာနိုင်ငံက ပစ်လိုက်တဲ့ ၁၂၀ မမ မော်တာကျည်ကျရောက်ခဲ့တာကို မတ်လ ၁၁ ရက်နေ့က ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာ သတိပေးတာလို့ ထိုင်းအခြေစိုက် Khaosod English သတင်းက ဖော်ပြပါတယ်။

အဲဒီတွေ့ရှိတဲ့ လက်နက်ကြီးကျည်ကို မယ်ဟောင်ဆောင်ခရိုင်တာဝန်ရှိသူ Yutthana Jaoduri နဲ့ ထိုင်းအစိုးရအာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီလက်နက်ကြီးကျည်ကို ဘယ်အဖွဲ့က ပစ်လိုက်တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြတာမရှိပါဘူး။

မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းနိုင်ငံက Ban Huay Makua Som နဲ့ Ban Na Pa Paek ရွာတွေဘက်ကနေ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်ကနေပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။