သံတောင်ကြီး တိုက်ပွဲ ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထဲက မင်းလမ်းတောင်အုပ်စုထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်တွေ အောက်တိုဘာလ ၁၃ ရက် မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ရွာတွေထဲ ဝင်ရောက်လာတာကြောင့် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။

မင်းလမ်းတောင်အုပ်စုထဲမှာ ရွာ ၆ ရွာပါဝင်ပြီး သံတောင်ကြီး (မြောက်ပိုင်း) ဖြစ်တာကြောင့် ကရင်ပြည် နယ်စပ် နေပြည်တော်နဲ့ အနီးဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့မနက် ၉ နာရီလောက် စုစည်းရွာအောက်ဘက်နားက ယင်းတက်ချောင်းနားမှာ ပစ်ကြတယ်၊ ညနေ ၅ နာရီ အဲဒီနေရာမှာပဲ ထပ်ဖြစ်တာ၊ တိုက်ပွဲက ပြင်းတယ်၊ မနေ့က တိုက်ပွဲမှာတော့ PDF ဘက်က နှစ်ဦး ပျောက်နေတယ်လို့ ကြားတယ်" လို့ မင်းလမ်းတောင်အုပ်စုထဲမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော် လိုသူ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မင်းလမ်းတောင်၊ ဆင်အံတောင်၊ ကျွဲကျကြီး၊ ကျွဲကျလေး၊ စုစည်း၊ မိအိကြီးစတဲ့ ရွာ ၆ ရွာက ဒေသခံတစ်ထောင်နီးပါး သံတောင်ကြီးမြို့ပေါ်နဲ့ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရ တယ်လို့ ဒေသခံက ဆိုပါတယ်။

သံတောင်ကြီးမြို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း လိပ်သိုလ်အုပ်စုထဲက ရွာတွေထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲပြီး လူငယ်တွေကို ရှာဖွေတာတွေလုပ်ခဲ့ပါတယ်။

နေပြည်တော်နဲ့ နီးတာကြောင့် ရေနီမြို့ အပါအဝင် သံတောင်ကြီးထဲက ရွာတွေပတ်ပတ်လည်မှာ တပ်အင်အားတွေ ဖြန့်ကျက်ပြီး တပ်ဖျောက်ထားလို့ အင်အားကိုတော့ သေချာမခန့်မှန်းနိုင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်ကလည်း သတင်းမထုတ်ပြန်သလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။