တနင်္သာရီတိုင်းမှာ ကိုးလအတွင်း အိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသန ပြုတဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က ဇွန်လ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် နီးစပ်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြပြီး သရက်ချောင်းမြို့နယ်က အများဆုံးလို့ ထားဝယ်ခရိုင် သပိတ်ကော်မတီရဲ့ ပြန် ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"ထားဝယ်ဆို သရက်ချောင်းဘက်မှာဖြစ်တာ။ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ တိုက်ပွဲဖြစ်တယ်။ သူတို့ လုပ်နေကြအတိုင်းပဲ PDF မနိုင်တော့ အိမ်တွေကို မီးရှို့တာဗျာ။ ဒါက မြိတ်ဘက်၊ တနင်္သာရီ၊ ထားဝယ် မှာလည်း လုပ်တယ်။ ပြီးခဲ့တဲ့နှစ်က လောင်းလုံးမှာ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ယောက်ရဲ့ နေအိမ်ကို မီးလာရှို့တာ ရှိခဲ့တယ်"
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာကနေ အခုဒီနှစ် မေလအထိ သရက်ချောင်းမြို့နယ်ထဲက အိမ် ၁၉ လုံး၊ တနင်္သာရီမြို့နယ်က ၁၅ လုံး၊ ပလောမြို့နယ်က ၁၁ လုံး၊ ထားဝယ်မြို့နယ်က လေးလုံး၊ ရေဖြူမြို့နယ်က သုံးလုံး၊ မြိတ်မြို့နယ်က တစ်လုံး တို့ပါဝင်နေပြီး စုစုပေါင်း အိမ် ၅၃ လုံးဟာ စစ်ကောင်စီတပ်တွေနဲ့ လက် အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ Southern Monitor အဖွဲ့က ဖော်ပြထားပါတယ်။
Southern Monitor ရဲ့ ဖော်ပြချက်မှာလည်း စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တာ၊ စစ်ကောင်စီ တပ်တွေ မိုင်းဆွဲခံရတာတွေရှိပြီးနောက်မှာ အနီးနားကရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက် မီးရှို့လေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
Southern Monitor အဖွဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်၊ ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။