ရေကြီးမြေပြိုတာတွေကြောင့် တနင်္သာရီမှာ လူလေးဦးသေဆုံး

0:00 / 0:00

တနင်္သာရီတိုင်းဒေသကြီးမှာ ရေကြီးနစ်မြုပ်တာနဲ့ မြေပြိုတာတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လူလေးဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့မှာ မြစ်ရေတက်တာကြောင့် ရေကြီးနစ်မြုပ်နေပြီး လူ ၂၃၀၀၀ ကျော် ရေဘေးသင့်ကာ နီးစပ်ရာဆွေမျိုးတွေနေအိမ်ကို လူ ၇ ထောင်လောက် ရွှေ့ပြောင်းနေထိုင်နေရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုမှာ လူ ၁၃၀၀ ကျော် ခိုလှုံနေရပါတယ်။

တနင်္သာရီမြို့နယ်မှာ ကလေးငယ်တစ်ဦးနဲ့ ရေဘေးဒဏ်ခံစားရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

" လူကတော့ နှစ်ဦးသေသွားပြီပေါနော်၊ ၉ ရက်နေ့တုန်းက နှစ်နှစ်အရွယ် ကလေးတစ်ဦးသေတယ်၊ မနေ့က တပ်မတော်သားတစ်ယောက်သေတယ်၊ ရေလမ်းပြရင်း သေတယ်လိ့ုကြားတယ်၊ ရုတ်တရက် ရေကြီးတဲ့အခါ ကျတော့ ဆိုင်ကယ်တွေ၊ ကားတွေ သွားလို့ရအောင် ရေလမ်းပြရင်း သူပါမျောပါသွားတယ်လို့ သိရတယ်၊ အလောင်းတော့ ပြန်ရတယ်ပြောတယ်"

အလားတူ ရေဖြူမြို့နယ် ကလိန်မြို့နယ်ခွဲ ကျောက်ကုဒင်ကျေးရွာမှာ လူနှစ်ဦးအလောင်းတွေရှိရပြီး ဒီနေ့နေ့လယ် ပိုင်းက သဂြိုၤဟ်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကပြောပါတယ်။

သေဆုံးသွားသူတွေဟာ မွန်ပြည်နယ် ရေးမြို့နယ်ကဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့တုန်းက သေဆုံးသူနှစ်ဦး အပါအဝင် လေးဦးဟာ ရေး-ထားဝယ်ကားလမ်း မလွှဲတောင်မှာ မြေပြိုစဉ်နှစ်ဦးက လွှတ်မြောက်သွားပြီး နှစ်ဦးဟာ မြေစာတွေပိပြီး သေဆုံးခဲ့တာလို့ ဦးအောင်နိုင်က ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတာကြောင့် ကျေးရွာ ၂၆ ရွာ ရေနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ ၄ သောင်းကျော် အထိရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ အလှူရှင်တွေများပြီး ကယ်ဆယ်ရေးပစ္စည်းတွေရှိပေမယ့် ဒေသခံတွေဆီ ကူညီပေးဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်လု့ိ မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင် ကပြောပါတယ်။

" အစိုးရဘက်ကလည်း လိုအပ်ချက်ရှိရင်ရှိသလိုပေါ့ စားသောက်ကုန်တွေကို ထုတ်ပြီးတော့ ဖြန့်ပေးနေတယ်၊ အလှူရှင်တွေ တိုက်ရိုက်သွားဖြန့်နေတာတွေလည်းရှိတယ်၊ နောက်တခုက လမ်းပန်းဆက်သွယ်ရေး၊ အခု ကပြောရမယ်ဆိုရင် ကွပ်ကဲရေးရုံးဖွင့်ထားတဲ့နေရာကိုတောင်မှ ကျနော်တို့မှာ သွားရလာရတဲ့အခက်အခဲရှိတယ်၊ ဆက်သွယ်ရေးက ကျနော်တို့အတွက် တော်တော်အခက်အခဲဖြစ်နေတယ်၊ ရေလမ်း၊ ကုန်းလမ်းပေါ့၊ ကြီးတဲ့လှေတွေ၊ အထူးသဖြင့် ခုလောလောဆယ် အဓိကလိုနေတာ လှေပဲ"

ကျိုက်မရောမြို့မှာ အတ္ထရံမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၅၂၀ စင်တီမီတာထက်ကျော်လွန်ကာ ၅၅၀ စင်တီမီတာကို ရောက်ရှိနေပြီး မွန်ပြည်နယ်မှာရေဘေးသင့်နေတဲ့ ဘီးလင်းနဲ့ ရေးမြို့ထက် ရေဘေးသင့်ပြည်သူ ပိုများနေပါတယ်။

ကျိုက်မရောမြို့နယ် ငပြေမရွာနဲ့ ကြက်ခတ်ကုန်းရွာတွေက ရေးဘေးသင့် ဒေသခံတွေဟာ နေအိမ်တွေမှာ နေမရတော့ဘဲ ကယ်ဆယ်ရေးစခန်းကို လာရောက်နေထိုင်ရတယ်လို့ သုခမြိုင်ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးဌေးလှိုင် ကပြောပါတယ်။

"ေ ရကတော့ ကျနော်တို့ လူနေလို့မရတော့ဘူး၊ လူနေလို့မရလို့ သုခမြိုင်စခန်းကို ပြောင်းလာတာပေါ့နော်၊ ငပြေမရွာဆိုရင် လုံးလုံးကို နေလို့မရတဲ့အိမ်တွေများတယ်၊ ကြက်ခတ်ကုန်းမှာတော့ လူနေလို့ရသေးတယ် သွားလာလို့မရတော့ဘူး၊ လူတွေကရေလည်းမမီဘူးလေ ရေစီးကတအားကြမ်းတော့ အဲလိုမျိုးတော့ရှိတယ်"

ဒီနေ့မှာအစိုးရအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်လှူဒါန်းတာကြောင့် တစ်ချို့ကျေးရွာတွေမှာ စားသောက်ဖို့အတွက် အဆင်ပြေနေကြပါတယ်။

ကျိုက်မရောမြို့နယ်မှာ ရေကြီးနစ်မြုပ်တဲ့ရွာတွေများပြီး ကုန်းလမ်းကနေ သွားလာလို့မရတော့ဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရေလမ်းကိုပဲ အားကိုးနေရတာကြောင့် လှေအခက်အခဲတွေဖြစ်နေပါတယ်။

မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ကယ်ဆယ်ရေးတွေရောက်ရှိပြီး အဆင်ပြေနေပေမယ့် မရောက်ရှိတဲ့ရွာတွေ အများကြီးရှိသေးတယ်လို့ ဒီနေ့ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာတွေကို သွားရောက်လှူဒါန်းတဲ့ မင်းဝင်းဘို ကပြောပါတယ်။

" ကျိုက်မရောမြို့ပေါ်မှာ သူတို့ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းရှိတယ်၊ အဲမှာကျတော့ နည်းနည်းလေး အဆင်ပြေ တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အလှူရှင်လာရင် တစုတစည်းထဲဖြစ်တဲ့အခါကျတော့ ထမင်းထုပ်ဆိုလည်း လွယ်လွယ်ကူကူနဲ့ ဝေလို့ရတာပေါ့နော်၊ ရွာမှာရှိတဲ့အခါကျတော့ ကယ်ဆယ်ရေးစခန်းတွေက သီးခြားမဖွင့် လှစ်နိုင်ဘူး၊ အဲမှာရေမြုပ်နေတာတော့ လူတွေကမဆင်းနိုင်တော့ အိမ်ပေါ်မှာနေရတယ်၊ အဲမှာတော့ သူတို့ကို ထမင်းထုပ်တွေပို့နိုင်ရင်ပိုကောင်းတယ်၊ လက်ရှိကတော့ မလုံလောက်သေးဘူး၊ မရောက်တဲ့ရွာတွေရှိသေးတယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ မြေပြိုကျခဲ့တာကြောင့် ဒီနေ့ညနေ အထိ သေဆုံးသူ ၆၄ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိထားပါတယ်။

သြဂုတ်လအတွင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတွေမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး မွန်ပြည်နယ်ဟာ ရေဘေးဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ပြည်နယ်ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)