ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သိမ်ကျောင်းလမ်း၊ ဗဟိုကျောင်းရှေ့မှာ ဆိုင်ကယ်စီး လာသူတစ်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနေ့က ညရှစ်နာရီလောက်မှာ သန်လျင်ဈေး နာရီစင်ကနေ ဆိုင်ကယ် မောင်းလာတဲ့ ကိုဇော်နိုင် ဆိုသူဟာ ဗဟိုကျောင်းရှေ့မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က ည ၈ နာရီကျော်က သေနတ်သံ ခုနစ်ချက် ပစ်လိုက်တာ။ တကယ်တော့ သူ့ကို စစ်ဖို့တားတာ။ ညဘက်ကျတော့ သူတို့က မူးနေတော့ ရစ်တာတွေ၊ ပါးရိုက်ခံရတာတွေ ရှိနိုင်တယ်လေ။ သူက မရပ်ဘဲ မောင်းလိုက်တာဖြစ်မှာပေါ့"
ကိုဇော်နိုင်ဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီး သန်လျင်မြို့၊ ဟံသာဝတီလမ်းမှာ နေထိုင်သူ ဖြစ်ပြီး သူ့ရုပ်အလောင်းကို စစ်ကောင်စီတပ်က သန်လျင်ဆေးရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီဗဟိုကျောင်းရှေ့မှာ သန်လျင်ရေတပ်က စစ်ကောင်စီတပ်သားတွေဟာ ညဖက်စစ် ဆေးတာတွေ လုပ်လေ့ရှိပြီး ယောင်္ကျားတွေကို အင်္ကျီချွတ် စစ်ဆေးတဲ့အထိ လုပ်တာမျိုး တောင်ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးဟာ ဖေဖော်ဝါရီ ၁ ရက် မနေ့ကပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့ရတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။