ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးဟာ မီးလောင်ထားတဲ့ သူ့နေအိမ်ကို အောက်တိုဘာလ ၆ ရက် မနေ့က ပြန်လာကြည့်ချိန်မှာ စစ်ကောင်စီတပ်သားတွေ ပစ်တာခံရပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ပခုံးမှာကျည်ထိမှန်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အိန္ဒိယနယ်စပ်ဘက်က ဆရာဝန်တွေထံမှာ ဆေးကုသဖို့ ကြိုးစားနေရတယ်လို့ ထန်တလန်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"သူက ကိစ္စတစ်ခုနဲ့ ထန်တလန်မြို့ပေါ် ပြန်လာတာ၊ မြို့ပေါ်ရောက်တုန်း မီးလောင်ခဲ့တဲ့ သူအိမ်နဲ့ သူ့ညီမအိမ်တွေကို လိုက်ကြည့်တယ်၊ အပြန်လမ်းမှာ ရဲစခန်းနားမှာရှိတဲ့ တပ်သားတွေက ပစ်တာ၊ ပခုံးနားမှာ သုံးချက်ထိတယ်" လို့ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့ပေါ်မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် ၁၉ လုံးမီးလောင်ကျွမ်းခဲ့သလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ချင်း ခရစ်ယာန် ဘာသာရေးသင်းအုပ်ဆရာ တစ်ဦး သေဆုံးခဲ့ပါတယ်။
တိုက်ပွဲကြောင့် ထန်တလန်မြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံအားလုံးနီးပါး နီးစပ်ရာရွာတွေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့အပြင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကိုပါ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။