ကလေးမြို့ သာယာကုန်းရွာက နေအိမ် ၅၂ လုံး မီးရှို့ခံရ

2022.08.10
ကလေးမြို့ သာယာကုန်းရွာက နေအိမ် ၅၂ လုံး မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ထားတာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာယာကုန်းရွာမှာ ဩဂုတ်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့ အထိ သုံးရက်အတွင်း နေအိမ် ၅၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာယာကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၅၂ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သာယာကုန်းမှာ မီးရှို့ခံရတာ ၅၂ လုံး။ ဒါ့အပြင် နေအိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေပါ ယူတဲ့အပြင် ဖျက်ဆီးခံရတဲ့ အိမ်တွေလည်းရှိတယ်။ အခု စစ်သားတွေ ပြန်သွားတော့မှ ကျနော်တို့ပြန်ပြီး သန့်ရှင်းရေး လုပ်နေတာ"

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူကတော့ ရွာတွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့တာမလုပ်ဘူး လို့ ပြီးခဲ့တဲ့လတွေက ငြင်းဆိုထားပါတယ်။

သာယာကုန်းရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေလုပ်တာလို့ စွပ်စွဲ ဖော်ပြထားကြ ပါတယ်။

ဩဂုတ်လဆန်းပိုင်းကစပြီး ကလေးမြို့ကနေ ခုနစ်မိုင်လောက်ဝေးတဲ့ သာယာကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေအားလုံးနီးပါး ထွက်ပြေးနေကြရပါတယ်။

စစ်ကြောင်း ရွာထဲဝင်လာချိန်မှာ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာသား ၃၀ ဦးလောက်ကတော့ အဖမ်းခံခဲ့ရပေမယ့် ဩဂုတ်လ ၆ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာယာကုန်းရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၄၀၀ ကျော် နေထိုင်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ကလေးမြို့ တောင်ပိုင်း သာယာကုန်းရွာ၊ ထောက်ကြံ့၊ ကြာအင်း၊ သံသာရွာ၊ တွန်းချောင်းရွာ၊ နတ်မြောင်းနဲ့ နတ်ချောင်း စတဲ့ ရွာတွေကနေ ထွက်ပြေးနေရသူ လေးသောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။