မြန်မာ့ပြဿနာကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်း နောက်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ပြည်ပစွက်ဖက်မှုမပါဘဲ လွတ်လွတ်လပ်လပ် မဲပေးနိုင်အောင် လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။ ရုရှား RIA သတင်းဌာနနဲ့ မေးမြန်း ခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရှေ့နှစ် သြဂုတ်မှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို ရက် ရွှေ့ဆိုင်းရေး ဆွေးနွေးရအောင်က စောလွန်းနေပြီး စစ်ကောင်စီအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ဖို့ အချိန်အများကြီး ရှိတဲ့အကြာင်းလဲ ပြောပါတယ်။
ပြည်ပဖိအားမပါဘဲ မိမိရွေးကောက်ပွဲ မိမိကျင်းပမယ်၊ ရွေးကောက်ပွဲမှာ ပြည်ပဖိအား မပါရဘူး၊ ဒါမှမဟုတ်ရင် တရားမျှတပြီး ထင်သာမြင်သာရှိမှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ခေါင်းဆောင်က RIA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ စီးပွားရေးထိပ်သီးဖိုရမ်ကို တက်ရောက်နေတဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံက ရေနံကို ဝယ်ယူနေရပြီး အခြားငွေကြေးနဲ့ ပေးချေရာမှာ အခက်အခဲရှိတာကြောင့် ရူဘယ်ငွေနဲ့ ပေးချေနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဒေသတွင်း ထိပ်သီး အစည်းအဝေးအများစုမှာ တားမြစ်ခံထားရပြီး သံတမန်ရေးရာ အထောက်အပံ့နဲ့ စစ်ဘက်ဆိုင်ရာ စက်ကိရိယာပစ္စည်းတွေ ပိုမိုရရှိဖို့ ရုရှားကို ပိုပြီး ချဉ်းကပ်လာခဲ့ပါတယ်။