စစ်ကောင်စီပိုင် မိုင်တယ် (Mytel) ဆက်သွယ်ရေးကုမ္ပဏီရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ အငြိမ်းစား ရေတပ်ဗိုလ်မှူး ဦးသိန်းအောင်ဟာ နိုဝင်ဘာလ ၄ ရက် ဒီနေ့မနက်ပိုင်းက နေအိမ်ကအထွက်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်၊ ၇ မိုင်မှတ်တိုင်အနီး တေးနုယဉ်လမ်း နေအိမ်ကနေ မနက်အစောပိုင်း လမ်းလျှောက်ထွက်ဖို့ ဇနီး ဒေါက်တာ သိမ့်အောင်သူနဲ့အတူ ထွက်လာချိန်မှာ အပစ်ခံရတာဖြစ်ပြီး ဦးသိန်းအောင်က နေရာမှာတင် သေဆုံးပြီး ဇနီးဖြစ်သူက ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မရမ်းကုန်း မြို့ခံတွေက ပြောပါတယ်။
"၇ မိုင်၊ ၇ ရပ်ကွက်မှာပါ မနက်ဇနီးနဲ့အတူ လမ်းလျှောက်ထွက်ဖို့ ထွက်လာချိန် အပစ်ခံရတာ၊ သေနတ် လေးချက် အပစ်ခံရပြီး သေသွားတယ်"… လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၇ ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးနေတယ် လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲ ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဦးသိန်းအောင်ဟာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၂၈) ဆင်းဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှာ ငွေကြေးဆိုင်ရာ အရာရှိ အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။