ရေစကြိုမှာ အိမ် ၃၁ လုံး မီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ်၊ သဲတောရွာကို ဇွန်လ ၉ ရက် မနေ့ မနက် ၆ နာရီခွဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၃၁ လုံး မီး လောင်ပျက်စီးခဲ့ပြီး အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး ခဲ့တယ်လို့ ဒေသခံအရပ်သားတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ဝန်းကျင်ဟာ မနေ့မနက်ပိုင်းက ထန်းငယ်တောအုပ်စု၊ သဲတောရွာကို စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

"သူတို့က လာလာချင်းမှာပဲ ရွာထိပ်ကနေ လက်နက်ကြီးတွေနဲ့ ရွာထဲကိုတော့ မပစ်ဘူး၊ ရွာရဲ့အပြင်ဘက်တွေကို ပတ်ပစ်တယ်။ သေနတ်တွေ ရမ်းသန်းပစ်ပြီး ရွာထဲဝင်စီးတော့ တာပဲဗျ"

ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် မပြေးနိုင်တဲ့ အရပ်သား ၃၀ ဝန်းကျင်ကို လည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပေမယ့် နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါ တယ်။

စီးနင်းခံရပြီးနောက် ရွာအလယ်ကနေ မီးစလောင်ခဲ့ပြီး အသက် ၈၀ ကျော်အရွယ် ဒေါ်အေး ဟာ လမ်းမလျှောက်နိုင်တာကြောင့် မီးလောင်သေဆုံးသွားတယ်လို့ အဲ့ဒီဒေသခံက ပြောပါ တယ်။

ဒီ့အပြင် ဆိုင်ကယ်အစီး ၃၀ ကျော်၊ ရွှေတိုငွေစနဲ့ တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းအချို့ ကိုလည်း ၁၂ ဘီးကားနဲ့ ယူဆောင်သွားတယ်လို့ ပြောပါတယ်။

သဲတောကျေးရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ အဆက်အသွယ်ရှိ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို ဝင်ရောက်စီးနင်းတာ သုံးကြိမ်ရှိပြီလို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကို RFA က ဇွန် ၁၀ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

သဲတောရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ပါတယ်။