စစ်ကိုင်းတိုင်း မြို့နယ်သုံးခုမှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

2022.06.24
စစ်ကိုင်းတိုင်း မြို့နယ်သုံးခုမှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေ၊ ခြောက်ဦး ဒဏ်ရာရ ခင်ဦးမြို့နယ် ဗအိုးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်အား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Narapati Local Guerrilla Revolution Force

စစ်ကိုင်းတိုင်း ချောင်းဦး၊ ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နှစ်ရက်အတွင်း လူ သုံးဦး သေဆုံးပြီး တစ်နှစ်အရွယ်ကလေး အပါအဝင် လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဇွန်လ ၂၄ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ဇွန်လ ၂၃ ရက် မနေ့ညက ချောင်းဦးမြို့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ချောင်းဦးမြို့ပေါ်ရပ်ကွက်တွေပေါ် လက်နက်ကြီး တွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ ချောင်းဦးမြို့ခံတစ်ဦးက ပြောပါတယ်။

"ညက ကျောင်းရွာရပ်ကွက်က ဦးကြည်လွင်ရဲ့ အိမ်ရှေ့ကို လက်နက်ကြီးကျတာမှာ သူ့ဇနီး မပေါက်နဲ့ သူ့သမီး မဝါဝါမိုးတို့ ဆုံးသွားတယ်။ ဦးကြည်လွင်ကတော့ ဒဏ်ရာ ရသွားတယ်။ သူ့သမီးက အသက် ၂၀ ရှိပြီ။ ဇနီးကတော့ အသက် ၄၅ နှစ်အရွယ်ရှိပြီ"

လက်နက်ကြီးနောက်တစ်လုံးကတော့ ချောင်းဦးမြို့ ထနောင်းကွင်းရပ်ကွက်ထဲကိုကျပြီး အသက် ၄၃ နှစ်အရွယ် ဒေါ်ဝါဝါအောင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံယူနေရစဉ် ဇွန်လ ၂၄ ရက် ဒီနေ့မှာပဲ သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့မနက်မှာပဲ စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ မှန်ချိုရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းနေပြီး ရွာခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၂ ရက်နေ့ညကတော့ ရေဦးနဲ့ ခင်ဦးမြို့နယ်အစပ်မှာ နေရာယူထားတဲ့ စစ်ကောင်စီ တပ်ကနေ ခင်ဦးမြို့နယ် မူးသာရွာနဲ့ ရေဦးမြို့နယ် ကုက္ကိုစုရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရခဲ့တယ် လို့ ခင်ဦးမြို့နယ် မူးသာရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးက ကျနော်တို့ ရွာကို နှစ်လုံးကျတယ်။ ၈၀ မမ လို့ပြောတယ်။ ပထမ တစ်လုံးက ရွာတောင်ဘက် ဘုန်းကြီးကျောင်းနားကျတယ်။ ဘယ်သူမှမထိဘူး။ နောက်တစ်လုံးက အိမ်ပေါ်တည့်တည့်ကျတာ။ ခေါင်မိုးအလယ်တည့်တည့် ဖောက်ပြီး ကျတော့ အဲဒီအိမ်မှာ ကလေးကလည်း အိပ်ပျော်နေတာ လက်မောင်းထိသွားတယ်"

တစ်နှစ်အရွယ် မအင်ကြင်း အပါအဝင် မိဘတွေဖြစ်ကြတဲ့ အသက် ၅၂ နှစ်အရွယ် ကိုဦးဇော်နဲ့ အသက် ၅၀ အရွယ် ဒေါ်ရည်မွန်တို့လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ရေဦးမြို့နယ် ကုက္ကိုစုရွာမှာတော့ နေအိမ်တွေပေါ် လက်နက်ကြီး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဦးကျော်လှနဲ့ အသက် ၅၀ အရွယ် ဒေါ်တင်မာအေး တို့ လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရေဦးမြို့နဲ့ ခင်ဦးမြို့နယ်အစပ် စစ်တပ်ကင်းပုန်းအထိုင်ချထားတဲ့နေရာဟာ ကုက္ကိုစုရွာနဲ့ တစ်မိုင်ကျော်ဝေးပြီး မူးသာရွာနဲ့တော့ သုံးမိုင်လောက်ဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲက ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အခါ ရွာထဲကို မဝင်ခင် လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်လေ့ရှိပြီး ရွာသားတွေ ထွက်ပြေးတဲ့အခါ ထွက်ပြေးတဲ့ လမ်းကြောင်းတွေဘက်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။