မင်းတပ် မွီတွီရွာ လက်နက်ကြီးကြောင့် သုံးဦး သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ မွီတွီကျေးရွာမှာ ဇွန်လ ၁၆ ရက် ဒီနေ့မနက်ပိုင်း က စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်ယာလုပ်နေတဲ့ သက်ကြီး ရွယ်အို နှစ်ဦး အပါအဝင် စုစုပေါင်း သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်အခြေစိုက် ခလရ ၂၇၄ စစ်တပ်ဟာ ဒီနေ့မနက် ၉ နာရီကျော်လောက်က မြို့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် မွီတွီ (Mui Tui) ကျေးရွာပေါ် လက်နက်ကြီးကျည်ဆန်တချို့ ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ နဲ့ ၆၀ အရွယ် အဘိုးအဘွား နှစ်ဦးနဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့တယ်လို့ စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံနေတဲ့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာ၀န်ရှိသူ ကိုယောမန် က RFA ကို ပြောပါတယ်။

"တောင်ယာမှာ အလုပ်လုပ်နေတဲ့ အသက် ၇၀ အရွယ် အဘိုး၊ အသက် ၆၀ အရွယ် အဘွားနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးက ပွဲချင်းပြီးပဲ သေဆုံးတယ်။ နောက်တစ်ယောက်ကျတော့ ကျည်ဆန်တွေထိလို့ ဒဏ်ရာရတယ်။ လက်နက်ကြီးက ရွာထဲမှာလည်းကျတယ်။ ရွာထဲမှာ လူနေအိမ် သုံးလုံး ပျက်စီးသွား တယ်"

ထိခိုက်ဒဏ်ရာရသူကိုတော့ မင်းတပ်မြို့အနီးက ပရဟိတဆေးခန်းတစ်ခုမှာ ကုသ ပေးနေတယ်လို့ ကိုယောမန်က ဆိုပါတယ်။ အခုလက်နက်ကြီး ထိမှန်တဲ့ မွီတွီကျေးရွာဟာ မင်းတပ်မြို့မြောက်ဘက် ခြောက်မိုင်အကွာမှာ တည်ရှိပါတယ်။

မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းဟာ ဒီနေ့မနက် ၉ နာရီခွဲလောက်ကစလို့ မွီတွီကျေးရွာ အပါအဝင် မြို့မြောက်ဘက်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ခုနစ်ကြိမ် လောက်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်လို့ အပြန်အလှန်ပစ်ခတ်ကြတာ မဟုတ်ဘဲ ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာလို့ သူတို့က ဆိုပါတယ်။

ရွာသားတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့မနက်ပိုင်း ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အရင်အကြိမ်တွေတုန်းကတော့ ကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်တွေ ခိုလှုံတာ၊ သင်တန်းပေးတာတွေ လုပ်နေတာကြောင့် စစ်တပ်က ပစ်ခတ်ရှင်းလင်းရတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့တုန်းကလည်း မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မဒပ်ကျေးရွာမှာရှိတဲ့ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရရှိပြီး ညာဘက်ခြေထောက် ဖြတ်တောက်လိုက်ရပါတယ်။

ချင်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စာရင်းတွေအရ လက်နက်ကိုင် ခုခံမှု အစောဆုံးစတင်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်တစ်နှစ်ကျော်အတွင်း အရပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ချင်းပြည်နယ် တစ်ခုလုံးမှာတော့ သေဆုံးသူ ၂၀၀ ကျော်အထိ ရှိပါတယ်။