မြောက်ဦးမှာ ကျောင်းသားသုံးဦးနဲ့ ဒေသခံ ၂၀ နီးပါး အဖမ်းခံရ

2022.06.22
မြောက်ဦးမှာ ကျောင်းသားသုံးဦးနဲ့ ဒေသခံ ၂၀ နီးပါး အဖမ်းခံရ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့က အထက်တန်းကျောင်းသားသုံးဦးနဲ့ ဒေသခံ ၂၀ နီးပါးကို ဇွန်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကားလေးစီးနဲ့အတူ စစ်ကောင်စီတပ်သား တွေက ဖမ်းသွားတယ်လို့ မြောက်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။

မြောက်ဦးမြို့ပေါ်မှာ ဇွန်လ ၂၁ ရက်နေ့ မနေ့ညနေပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတာကြောင့် မြောက်ဦးမြို့ထဲမှာ စစ်ကောင်စီတပ်သားတွေက တင်းကျပ်စွာနဲ့ စစ်ဆေးပြီး ဖမ်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့ည ၈ နာရီလောက် မြို့ထဲမှာ စရဖသုံးယောက်ကို AA က ဖမ်းသွားတယ်လို့ကြား တယ်။ သိပ်မကြာဘူး စစ်ကားလေးစီး ထွက်လာတယ်။ သူတို့ တစ်ညလုံး မြို့ကိုပတ်ပြီး ကင်းလှည့်တယ်။ ဒီနေ့ မနက်ကတည်းကပဲ ကျောင်းလာတက်တဲ့ ကျောင်းသားလေးကို ဖမ်းပြီး ထိုင်ခိုင်းထားတယ်ကြားတယ်။ မြို့ထဲမှာ ဖုန်းတွေကိုစစ်တယ်။ ဖုန်းထဲမှာ AA သီချင်းတွေ၊ ဓာတ်ပုံတွေ ရှိ မရှိ စစ်တယ်။ တွေ့တဲ့သူတွေကို ဖမ်းတယ်ကြားတယ်။ အချုပ်ကားပေါ်တင်တယ်။ အနည်းဆုံး ကျောင်းသား သုံးယောက်နဲ့ ဒေသခံအနည်းဆုံး ၂၀ လောက် အဖမ်းခံလိုက်ရတယ် ကြားတယ်”

အဖမ်းခံရတဲ့သူ အရေအတွက် တိတိကျကျနဲ့ ဖမ်းခံရသူ မည်သူမည်ဝါတွေ ဖြစ်တယ်ဆိုတာ ကိုတော့ သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြို့ထဲမှာတော့ မြို့မဈေးနဲ့ ဈေးဆိုင်တွေ ပိတ်ထားကြပြီး ဒေသခံတွေကလည်း စိုးရိမ် ကြောက်လန့်နေကြသလို အပြင်ကိုတောင် မထွက်ရဲကြဘူးလို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်း ထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဇွန်လ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့က ရဲသုံးဦးကို AA က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၁ ရက်နေ့ မနေ့က အခုလိုပဲ အင်အားအလုံးအရင်းနဲ့ မြို့ထဲဝင်လာပြီး အရပ်သား ၃၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က စစ်ကောင်စီတပ်သား တစ်ဦးကို AA က ဖမ်းဆီးသွားပြီးနောက်ပိုင်း ဒေသခံ ၁၀ ဦးကျော် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလထဲမှာတင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့ မြို့နယ်တွေက စစ်ကောင်စီ တပ်သားလေးဦး၊ ရဲသုံးဦးနဲ့ စရဖအဖွဲ့ဝင် သုံးဦးတို့ကို AA က ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဖမ်းရတာက AA တပ်ဖွဲ့ဝင်တွေ အပါအဝင် AA နဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီ တပ်က ဖမ်းဆီးတာကြောင့် ပြန်ဖမ်းတာလို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။