လူငယ်သုံးယောက် အသတ်ခံရပြီး လေးရက်ကြာမှ အလောင်းပြန်တွေ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြားမှာ အသတ်ခံထား ရတဲ့ လူငယ် သုံးယောက်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၅ ရက်က တူးဖော်ရခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

အသက် ၂၀ အရွယ်တွေရှိကြတဲ့ စပ်ပြဲရွာက မောင်သားသားလေး၊ မောင်ကံကောင်း နဲ့ မောင်တီဗီတို့ ဖြစ်ကြပြီး ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီလောက်ကတည်းက ပျောက် နေတာလို့ ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"အဲဒီ သုံးလောင်းက တစ်ရွာတည်းက အိမ်နီးနားချင်းတွေချည်းပဲ။ ဒဏ်ရာက အပေါ်ဆုံးတစ်ယောက်ရဲ့ ရင်ဘတ်မှာ ကျည်ဒဏ်ရာ ငါးချက်လောက်ရှိတယ်။ ကျန်တဲ့သူတွေက ခေါင်းကို တုတ်နဲ့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေတော့ရှိတယ်။ ဓားဒဏ်ရာတွေ၊ ဘာတွေတော့ မတွေ့ရဘူး"

သူတို့ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၄ ရက်ကတည်းက စတွေ့ခဲ့ရပေမယ့် အုပ်ချုပ်ရေး ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး ၂၄ နာရီ စောင့်ဆိုင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရခဲ့ကာ အလောင်းတွေကို လောင်းလုံးဆေးရုံ ရင်ခွဲရုံကို ပို့ပေးခဲ့ပြီး အဲဒီကနေမှ စပ်ပြဲရွာသုသာန်အထိပို့ပေးခဲ့ကာ မီးသင်္ဂြိုဟ်လိုက်ပြီလို့လည်း ပြောပါတယ်။

အဲဒီလူငယ်သုံးယောက်ဟာ သေနတ်ကျည်ထိမှန်ထားသလို တခြားရထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပေမယ့် ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးဘူးလို့ ပြောကြပါတယ်။

မိသားစုဝင်တွေဆီလည်း အကြောင်းစုံသိနိုင်ဖို့ RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။