မမြသွဲ့သွဲ့ခိုင် ကျည်ဆံအစစ်နဲ့ ပစ်ခတ်ခံရလို့ ကွယ်လွန်

2021.02.19

ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်းဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ အစ်မ မြသတိုးနွယ်က အတည်ပြုချက်ပေးပါတယ်။

ဒီကနေ့မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး၊ မွန်းလွဲ ၃ နာရီမှာတော့ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မို့မို့ခိုင် က ဘာ့ကြောင့် အခုလို သေဆုံးရသလဲဆိုတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို ပစ်တဲ့ကျည်ဆံဟာ ရာဘာကျည်ဆံမဟုတ်ပဲ တကယ့်ကျည်အစစ် သတ္တုကျည်ဖြစ်တယ်လို့ ဆရာဝန်တွေက အတည်ပြုကြောင်း ဦးလေးဖြစ်သူ ဦးကျင်သန်းက ရှင်းပြပါတယ်။

ကွယ်လွန်သူ မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနကို ဖေဖော်ဝါရီလ ၂၁ ရက် တနင်္ဂနွေနေ့ နေ့လည်ပိုင်း နေပြည်တော်က ကွေ့ကြီးသုသာန်မှာ သဂြိုလ်ပါမယ်။

အနိုင်ရ လွှတ်တောကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကတော့ မမြသွဲ့သွဲ့ခိုင်ကို အာဇာနည်တဦးအဖြစ်သတ်မှတ် ဂုဏ်ပြုကြောင်း ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ကျည်ဆန်ဟာ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးနှောက်ထဲမှာရှိနေပြီး ခွဲထုတ်ဖို့ ခက်ခဲခဲ့ပါတယ်။ သေနတ်မှန်ပြီး လေးရက်မြောက်နေ့မှာ သူ့ရဲ့ ဦးနှောက်သေဆုံးသွားပြီလို့ ဆရာဝန်တွေက မိသားစုကို အသိပေးခဲ့ပါတယ်။

ဒါ့ကြောင့် အောက်စီဂျင်ပေးထားတဲ့ အသက်ရှူပိုက်ဖြုတ်ဖို့ မိသားစုကို တရားဝင် အသိပေးပေမယ့် မိသားစုက ချက်ချင်းလက်မခံခဲ့ပါဘူး။

နောက် နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ အသက်ရှူပိုက်ကိုဖြုတ်ပြီး ရုပ်အလောင်းကို သယ်ယူဖို့ မိသားစုက သဘောတူလက်ခံခဲ့ပေမယ့်လည်း အာဏာပိုင်တွေဘက်က ရသလောက်အချိန်ဆွဲထားဖို့ နှုတ်နဲ့ ဖိအားပေးလာတဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အချိန်ဆွဲလာခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ မမြသွဲ့သွဲ့ခိုင်ဟာ အသက်၂၀ပဲရှိပါသေးတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပထမဆုံးသေဆုံးခဲ့ရတဲ့ ဆန္ဒပြသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။