တင်သားရွာထဲ လက်နက်ကြီးကျည်ကျ ကိုးယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်သားရွာထဲကို ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ရွာသား ကိုးယောက် ထိခိုက်ဒဏ်ရာရပြီး အိမ်ကိုးလုံးလည်း ပျက်စီးခဲ့တယ်လို့ တင်သား ရွာဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက် ကိုးနာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်လို့ အိမ်ထဲမှာစုပြီး ပုန်းနေရာကနေ အဲဒီအိမ်ပေါ်လက်နက်ကြီးကျည် ကျရောက် လို့ ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တင်သားရွာသားတစ်ဦး က RFA ကို ပြောပါတယ်။

"အဲဒီနေ့က ကျွန်တော်တို့ရွာဘက်မှာ ဘာတိုက်ပွဲမှမရှိဘူးဗျ၊ တခြားရွာတွေက PDF တွေကတော့ သွားတိုက်တာတော့ရှိတယ် ကျွန်တော်တို့ရွာကိုမှ ဘာလို့ပစ်ခတ်မှန်း မသိပါဘူးဗျာ။ စစ်ရဲ့သဘောသဘာဝတော့ နားမလည်ပါဘူး။ လက်နက်ကြီးတွေနဲ့ ပစ်တာတော့ အချက်ပေါင်း နှစ်ဆယ်နီးပါးလောက်ထိ ပစ်တာပဲ"

အဲဒီအချိန်က တိုက်ပွဲမရှိဘဲနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ဦးတည် ပစ်ခတ်ခဲ့လို့ အသက် ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ် ယောက်ျားလေး နှစ်ဦး၊ ၁၂ အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၂၀ ကျော်အရွယ် လူငယ် တစ်ဦးနဲ့ ကျန်တဲ့ အမျိုးသား ငါးဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေကို PDF ဆေးကုသရေးအဖွဲ့တွေက ကုသပေးနေရပြီး အသက် ကိုးနှစ် အရွယ် ကလေးက နံရိုးကျိုးကာ ၂၅ ချက် ချုပ်လိုက်ရသလို၊ အသက် ၂၀ ကျော် အရွယ် လူငယ်က ခေါင်းထိလို့ အာရုံကြောထိပြီး ကိုယ်တစ်ခြမ်း သေသွားတဲ့အနေအထားမို့ သူတို့နှစ်ယောက်လုံး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောပါတယ်။

နောက်ရက် ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းကလည်း လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခံရလို့ နောက်ထပ် အိမ်တစ်လုံးလည်း ပျက်စီးခဲ့သေးတယ်လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ တပ်ဘက်က ပစ်ခတ်တာလို့ ရွာသားတွေကပြောတာမို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကပဲ ကလေးမြို့နယ် ဇင်းကလင်းနဲ့ ချင်းဆိုင်ရွာကြားမှာလည်း အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ လမ်းလျှောက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့လည်း PDF (Kalay) က ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က တင်သားရွာအနီး ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ နဲ့ PDF (Kalay) ၊ CDF (KKG) နဲ့ ပြည်သူ့ကာကွယ်ရေး စတဲ့ ပူးပေါင်းအဖွဲ့ တွေရဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ PDF (Kalay) က ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ထားပါတယ်။