ရှမ်းပြည်မှာ TNEC ရဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထား

ရှမ်းပြည်နယ်ထဲမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) က ဦးစီးပြီး ဒေသတွင်း တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဦးစားပေးသင်ကြားပေးမယ့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ကို ဇွန်လ ၆ ရက်နေ့အထိ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ (TNEC) က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးစနစ်နဲ့မသက်ဆိုင်ဘဲ တအာင်းအမျိုးသား ပညာရေး ကော်မတီ (TNEC) အောက်ကနေ သီးခြားအစီအစဉ်နဲ့ ဖွင့်လှစ်တာလို့ TNEC ကော်မတီ ဒု-ဥက္ကဋ္ဌ ဒီဒီပိုးကျိမ် က RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ တအာင်းပညာရေးကော်မတီ (TNEC) က စာသင်ကျောင်းပေါင်း ၃၇၀ အထိ ဖွင့် လှစ်နိုင်ရေး ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

“အရင်နှစ်တွေက ကိုဗစ်ကြောင့် ကလေးတွေ ကျောင်းမနေခဲ့ကြရဘူးပေါ့နော်။ ဒါကြောင့် ဒီနှစ်မှာ အခုလို စာသင်ကျောင်းတွေ ဖွင့်နိုင်ဖို့ စီစဉ်ရတာပါ။ အရင်က တိုင်းရင်းသားဒေသမှာ ဗမာလို ပြောသင်တော့ ကလေးတွေ မလိုက်နိုင်ကြဘူး။ ဒါကြောင့် အခုကျောင်းတွေမှာက မိခင်ဘာသာစကားနဲ့ ဦးစားပေး သင်ကြားမှာပါ။ တအာင်းများတဲ့ဒေသမှာ တအာင်းဘာသာစကား၊ ရှမ်းတိုင်းရင်းသား များတဲ့နေရာမှာ ရှမ်းစာပေနဲ့ ဘာသာစကားကို ဦးစားပေးမယ်”

ရှမ်းပြည်နယ်အတွင်းမှာ တအာင်းပညာရေးကော်မတီ (TNEC) က စာသင်ကျောင်းပေါင်း ၃၇၀ အထိ ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

သင်ကြားရေးစနစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ပညာရေးစနစ်ပုံစံအတိုင်း သင်ကြားမှာဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ မိခင် ဘာသာစကားတွေကို အဓိက သင်ကြားပေးမှာလို့ ဆိုပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ သင်ကြားမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း ထပ်မံခေါ်ယူနေတယ်လို့ ဒီဒီပိုးကျိမ်က ပြောပါတယ်။

စစ်ကောင်စီကို အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဖိတ်ခေါ်ထားပြီး လုံခြုံရေးအတွက် ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

တအာင်းပညာရေးကော်မတီ (TNEC) ကို တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA)၊ တအာင်းသံဃာတော်များအဖွဲ့ ဗဟို (TSA) စတဲ့ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

အဲဒီအဖွဲ့တွေရဲ့ အကြံပြုချက်နဲ့ လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့ ပညာရေးစနစ်ဖြစ်လာရေး၊ ဖက်ဒရယ် ပညာရေးစနစ် ပေါ်ထွန်းရေး၊ ဒေသအတွင်းရှိ လူတိုင်းစာတတ်မြောက်ရေး၊ လွတ်လပ်တဲ့ ပညာရေး စနစ်အရ အနာဂတ်မှာ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာရေး၊ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတဲ့ ပညာရေးစနစ်နဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်တာဖြစ်တယ်လို့ TNEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။