အပစ်ရပ် လေးရက်အတွင်း အရပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း TNLA ထုတ်ပြန်

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် လေးရက်အတွင်း အရပ်သား ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၁၈ ရက်နေ့ညက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ညကနေ ၁၈ ရက်နေ့ညအထိ TNLA က လေးရက်ကြာ အပစ်ရပ်ဖို့ ညွှန်ကြားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က မိုးကုတ်မြို့နယ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် သီလရှင် သုံးပါး အပါအဝင် အရပ်သား ကိုးဦး သေဆုံးခဲ့ပြီး ဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

အလားတူ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့သလို လားရှိုးမြို့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ‌ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးပစ်ခတ်တာကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်အတွင်း ဇူလိုင် ၁၆ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

TNLA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်လာလို့ ကျောက်မဲနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ၂၄ ရက်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ၉၄ ဦး သေဆုံးပြီး ၁၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။