စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦးသေဆုံး
2024.07.17
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၁၇ ရက်နေ့ ညက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ လားရှိုးမြို့ ရပ်ကွက် ၁ မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ မိသားစုဝင် သုံးဦးသေဆုံးခဲ့သလို မိုးကုတ်အရှေ့ဘက် ညောင်လေးပင်မှာလည်း လက်နက်ကြီးနေအိမ်ပေါ်ကျလို့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
TNLA က လေးရက်ကြာအပစ်ရပ်ကြေညာထားပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သုံးရက်အတွင်း အရပ်သား ကိုးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
တိုက်ပွဲ ၂၃ ရက်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၇၆ ဦးသေဆုံးခဲ့ပြီး ၁၁၂ ဦး ထိုက်ခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။