ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲဆက်ဖြစ်နေ
2024.08.02
ရှမ်းပြည်နယ် ကျောက်မဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ စခန်းကုန်တွေကို ဩဂုတ်လ ၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ပတ္တမြားစေတီအနီးတစ်ဝိုက်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ခုနစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဲဒီနေ့မှာပဲ နောင်ချိုမြို့နယ် သဲခေါ်ရွာကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က Mi35 တိုက်လေယာဉ်နဲ့ လာရောက်ပစ်ကူခဲ့တယ်လို့ ပြောပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ခမရ ၅၀၁ နဲ့ ၅၀၂ စခန်းကုန်အနီးကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ လက်နကခဲယမ်းတွေ နှစ်ကြိမ်လာချပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တစ်လကျော်အတွင်း TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မိုးမိတ်မြို့၊ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၃၅ ခုကို MDY-PDF က သိမ်းယူထားပါတယ်။