ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မလေးရှားသွားမည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ ဇွန်လ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံကို သွားရောက်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဝက်ဘ်ဆိုက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

Tom Andrews ဟာ မလေးရှားနိုင်ငံမှာ ဇွန်လ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ရှိနေမှာ ဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂ အရာရှိတွေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံရဲ့ မူဝါဒကျွမ်းကျင်သူတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဆက်လက်ဆိုးရွားနေဆဲဖြစ်သလို စစ်တပ်ကလည်း အမှန်ကို ဆက်ပြီးတော့ ဖုံးအုပ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မှတ်တမ်းတင်ပြီး အစီရင်ခံတင်ပြရမယ့် တာဝန်ကိုထမ်းဆောင်ဖို့ ခိုင်ခိုင်မာမာ ရပ်တည်နေသလို အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်က ထွက်ပြေးသွားရသူတွေ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေနဲ့လည်း ဆက်လက် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်လို့ Tom Andrews က ပြောပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ဆက်စပ်ပြီး အာဆီယံဒေသနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဒေသတွင်း ထိတွေ့ ဆက်ဆံမှု အစီအစဉ်တစ်ခုရဲ့ အစဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံရဲ့ အဓိက အခန်းကဏ္ဍကို ပံ့ပိုးပေးထားပြီး လာမယ့်လတွေမှာ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံ အများအပြားကို သွားရောက်ဖို့ မျှော်လင့်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

Mr.Tom Andrews ဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီမှာ ကွာလာလမ်ပူမြို့တော်က Westin Hotel မှာ သူ့ရဲ့ ပဏာမလေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပြီး သတင်းသမားဝင်ရောက်ခွင့်ကိုတော့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ်လို့ ဖော်ပြထားပါတယ်။