ဂျပန်နိုင်ငံသား မှတ်တမ်းရိုက်ကူးသူကို ပြန်လွှတ်မယ်လို့ စစ်ကောင်စီခေါင်းဆောင် ကတိပေး

အဖမ်းခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာ (Toru Kubota) ကို မကြာခင် ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီဝါတာနာကို ကတိပေးခဲ့တယ်လို့ ဂျပန်သတင်း ဌာန The Japan Times က ဩဂုတ်လ ၁၇ ရက် ဒီနေ့မှာ ရေးသားထားပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) အဖွဲ့ဝင်ဖြစ်သလို အောက်လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်တဲ့ မစ္စတာ ဟီရိုမီချီဝါတာနာရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်က ရေးသားဖော်ပြချက်ကို ကိုးကားပြီး ဂျပန်သတင်းဌာနက အခုလို ဖော်ပြထား တာပါ။

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို မှတ်တမ်း ရိုက်ကူးပြီးနောက်မှာပဲ အဖမ်းခံခဲ့ရတာပါ။

အဲဒီနောက် မြန်မာနိုင်ငံကိုရောက်လာတဲ့ ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီ ဝါတာနာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ နေပြည်တော်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

လက်ရှိ တိုရူကူဘိုတာဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ - ၁၃ (၁) ဗီဇာ စည်းကမ်းဖောက်ဖျက်မှု စတဲ့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့် တရားစွဲဆိုခံထားရ ပါတယ်။