လက်ပံတောင်းကြေးနီစီမံကိန်းက ကြေးတွေသယ်လာတဲ့ကားတန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တရုတ်အစိုးရနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ ကြေးတွေ သယ်ဆောင်လာတဲ့ ကားတန်းကို ဇွန်လ ၃ ရက် ဒီနေ့မှာ မန္တလေး-မုံရွာလမ်းပိုင်း ချောင်းဦးမြို့အထွက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်တာလို့ မြောင် တော်လှန်ရေးတပ်ဖွဲ့ (MRA) က အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

"ကြေးနီတွေသယ်လာတဲ့ကားတွေကို ဒီမနက် ၁၁ နာရီလောက်က မိုင်းဆွဲလိုက်တာ။ တွဲကား ၁၆ စီးပါတယ်။ စစ်ကားတွေက အစီး ၅၀ ကျော်ပါတယ်။ ကြေးနီကားတစ်စီး နောက်မှာ စစ်ကားလေးစီး ကပ်လိုက်တာ၊ နောက်က သုံးစီးမြောက်ကားမှာ စစ်သား အင်အားများလို့ အဲ့ဒီကားတွေကို မိုင်းဆွဲတိုက်တာ။ ထိခိုက်ဒဏ်ရာ ရသွားတယ်။ အနီးအနားကို ရမ်းပစ်တယ်"

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ်အထွက်နဲ့ ဂွေးပင်တောရွာအနီးက မိုင်းဆွဲတိုက်ခိုက်မှုကို မြောင် တော်လှန်ရေးအဖွဲ့ (MRA) နဲ့ Famer Revolution Force (FRF) တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာ ဖြစ်ပြီး အဲ့ဒီကြေးနီကားတန်းကို မုံရွာ-မန္တလေး လမ်းတစ်လျှောက်က အခြား ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မလည်ပတ်ဖို့နဲ့ ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က အခုနှစ် ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။