ယင်းမာပင် ရင်ပေါင်တိုင်ရွာ ပစ်ခတ်ခံရမှု အရပ်သားနှစ်ဦး၊ PDF တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို ဩဂုတ်လ ၁၁ ရက် မနေ့က စစ် ကောင်စီတပ်က စစ်ရဟတ်ယာဉ်နဲ့ ရုတ်တရက်ရောက်လာပြီး ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လက်နက်သယ်ဆောင်ပြီးအပြန် ရင်ပေါင်တိုင်ရွာကို အရောက်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရဟတ်ယာဉ် ငါးစင်းနဲ့ရောက်လာပြီး မည်းမည်းမြင်ရာပစ်တာပဲ၊ အပြန်အလှန်ပစ်ခတ် မှုတွေလည်းဖြစ်တယ်။ ရဟတ်ယာဉ်တွေနဲ့ ပစ်လိုက်၊ လူချလိုက်နဲ့ဆိုတော့ တချို့လည်း ထွက်ပြေးနိုင်တယ်။ တချို့လည်း မပြေးနိုင်ဘူး၊ မနေ့က ဥပုသ်နေ့ဆိုတော့ ဘုန်းကြီး ကျောင်းထဲမှာ ဥပုသ်စောင့်တဲ့သူတွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းထဲကသူတွေ တော့ ထိန်းသိမ်းခံထားရတယ်၊ တစ်ညလုံးလည်း ရွာထဲကနေ အပြင်ကို လက်နက်ကြီးနဲ့ ထုနေတာ“

ရင်ပေါင်တိုင်ရွာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦးထက်မနည်းရှိနိုင်ပေမယ့် ရွာထဲပိတ်မိ နေသူတွေနဲ့ အဆက်အသွယ်ပြတ်နေတာကြောင့် အသေးစိတ် မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

မနေ့က ဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ချင်းပြည်နယ်မှာ အခြေ စိုက်တဲ့ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီကိုထောက်ခံတဲ့သူတွေကတော့ ရင်ပေါင်တိုင်ရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး KIA ထုတ် လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူတို့ရဲ့ တယ်လီဂရန် လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။

မနေ့ကတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိတယ်လို့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောဆိုနေကြပေမယ့် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင် စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

ရင်ပေါင်တိုင်ရွာဟာ အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။