ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ကျေးရွာထဲက ကုန်းဆာရွာ ကြိုးတံတားအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက်က အမျိုးသမီး နှစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် နန်းကြာဥနဲ့ အသက်၂၃ နှစ်အရွယ် နန်းမိုခေါင်တို့ဟာ ပန်ဟဲရွာ ကနေ သူတို့နေတဲ့ နောင်ဝိုးရွာကို ဆိုင်ကယ်နဲ့အပြန် ကြိုးတံတားအနီးမှာ မိုင်းနင်းမိခဲ့ တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တံတားနားမှာက အတက်ဆိုတော့ ဆိုင်ကယ်က မတက်နိုင်ဘူး။ နောက်ပြန်လိမ့်တဲ့ အချိန် ခြေထောက် တစ်ဖက်က လမ်းဘေးကမြက်ကို နင်းလိုက်တာနဲ့ ပေါက်ကွဲသွား တာ”
အဲဒီဒေသဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့ တိုက်ပွဲတွေ မကြာမကြာဖြစ်နေတဲ့ ဒေသဖြစ်ပေမယ့် ဘယ်အဖွဲ့က ထောင်တဲ့မိုင်းဆိုတာ မသိရသေးပါဘူး။
ခြေထောက်နဲ့ တင်ပါးတွေမှာ ဒဏ်ရာရခဲ့တဲ့ သူတို့နှစ်ဦးကို နောင်ဝိုးရွာက စစ်ကောင်စီ ဆေးတပ်သားတွေက ဆေးကုပေးခဲ့ပြီး ရပ်စောက်ဆေးရုံကို လွှဲပြောင်းခဲ့ရာကနေ အခု တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ခွဲစိတ်ကုသဖို့စရိတ် လိုအပ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ကျောက်ဂူတိုက်နယ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကတည်းက SSPP နဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ ရွာသား နှစ်ထောင်ဝန်းကျင်လည်း ရပ်စောက်မြို့နယ် ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခုတိုက်ပွဲတွေငြိမ်နေပေမယ့် အများစုက နေရပ်ပြန် ကြသလို တချို့ကတော့ ရပ်စောက်မြို့ပေါ်မှာ တိမ်းရှောင်နေကြရဆဲလို့ ရွာသားတွေက ပြောပါတယ်။