ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာရှိတဲ့ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်နှစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မနေ့ကထုတ် ဘင်္ဂလားဒေ့ရှ်အခြေစိုက် BenarNews သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆီရတ်ဟူစိန် (Syed Hossain) နဲ့ အသက် ၄၀ အရွယ် အဘူ တာလက်ဘ် (Abu Taleb) တို့ကို မနေ့ ညသန်းခေါင်လောက်က စခန်းတွင်းကြည့်ရှုစစ်ဆေးပြီး အိမ်အပြန်မှာ ပစ်သတ်သွားတာဖြစ်ပြီး ပစ်ခတ်တယ်လို့ သံသယရှိသူ ၈ ယောက်နဲ့ ၁၀ ယောက်ကြား ရှိတယ်လို့ ရဲက ပြောပါတယ်။

သူတို့နှစ်ယောက်လုံးဟာ စခန်းတွေအတွင်း ရာဇဝတ်မှုတားဆီးရေးလှုပ်ရှားသူတွေဖြစ်ပြီး ရာဇဝတ်မှုလျော့ချ ရေးအတွက် ဒေသတွင်းရဲတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သူတွေဖြစ်တဲ့အတွက် သူတို့ကို ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့တာလို့ ယူဆကြောင်း ရဲတပ်ရင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ Kamran Hossain က BenarNews ကို ပြောပါတယ်။ ပစ်ခတ်ခံရသူ နှစ်ယောက်စလုံးကို ဆေးရုံကိုပို့ခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာ သေဆုံးနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေမှာ တရားမဝင်အဖွဲ့တွေဟာ လက်နက်မှောင်ခိုအပါအဝင် မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုတွေ ပြုလုပ်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြတယ်လို့လည်း အာဏာပိုင် တွေကပြောပါတယ်။

ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ကလည်း ဒုက္ခသည်စခန်းတွေက ခေါင်းဆောင်တွေကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တတ်တယ်လို့ စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ်က စပြီး မြန်မာနိုင်ငံက ထွက်ပြေးလာသူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ အဲဒီဒုက္ခသည်စခန်းတွေထဲမှာ ဒီနေ့အထိ ပစ်ခတ်သတ်ဖြတ်မှုပေါင်း ၁၀၀ ကျော် ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလို သတ်ဖြတ်မှုတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေမှာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ လည်း သတင်းမှာဖော်ပြထားပါတယ်။