အပစ်အခတ်ရပ်စဲရေး မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ တင်ပြချက် နှစ်ဖက် ဆက်လက်ဆွေးနွေးမည်

2019-02-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး အစိုးရနဲ့ NCA အတွက် မဆွေးနွေးခင် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) ချုပ်ဆိုလိုကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို အဆိုပြုတင်ပြလိုက်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ပြောပါတယ်။

KIA ၊ AA ၊ TNLA နဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးရာမှာ အဲဒီလို အဆိုပြု တင်ပြ လိုက်တာဖြစ်ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ဒီနေ့ ပြောပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲဟာ အလွတ်သဘောဖြစ်တာကြောင့် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့တာမရှိဘဲ တင်ပြဆွေးနွေးချက်တွေကို နှစ်ဘက် ခေါင်းဆောင်တွေကို ပြန်လည်တင်ပြသွားမှာဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံဆွေးနွေးဖို့ သဘောတူတာလောက်နဲ့သာ ဆွေးနွေးပွဲ ပြီးဆုံးသွားတယ်လို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဘယ်လိုပုံစံနဲ့ ပါဝင် လက်မှတ်ရေးထိုးနိုင်မယ်ဆိုတာတွေကို အဓိကထား ရှင်းပြခဲ့ကြောင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက RFA ကို မနေ့က ပြောထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကတော့ KIA ကိုယ်စားပြု သွားရောက်ဆွေးနွေးတဲ့ ခေါင်းဆောင်တွေ ပြန်လည်မရောက်ရှိလာသေးတာကြောင့် ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ မသိရသေးကြောင်းနဲ့ နိုင်ငံရေး ဆွေးနွေးနိုင်မယ့် လမ်းကြောင်းရှာဖွေနိုင်ဖို့ သွားရောက်တွေ့ဆုံဆွေးနွေးတာဖြစ်ကြောင်း ပြောပါတယ်။

KIA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေတာ အခုအကြိမ်ဟာ တတိယအကြိမ် ဖြစ်ပါတယ်။

အရင်ဆွေးနွေးပွဲတွေတုန်းက ရက္ခိုင့်တပ်မတော် AA ကို လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြုခဲ့ပြီး ဒီအကြိမ်မှာတော့ AA အဖွဲ့ကို ပါဝင်ဆွေးနွေးခွင့်ပြုလိုက်တာကြောင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လုံးနဲ့ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဖြစ်လာခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

The sooner you agree to cease fire the faster the military will leave the politics and there will be peace and prosperous in the country. Please don't waste your time. Think of innocent people who are suffering, dying and disappearing every day.

Feb 27, 2019 12:40 PM

ဆိုက်တခုလုံးသို့