စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက နှောကုန်းနဲ့ လျှော်ဖြူကုန်း ရွာနှစ်ရွာကို ဇွန်လ ၆ ရက် ဒီနေ့ မနက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၁၀ နာရီခွဲလောက်မှာ နှောကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ပြီးတဲ့နောက် နေ့လယ်ပိုင်း မှာတော့ အဲဒီရွာနားက လျှော်ဖြူကုန်းရွာကို ထပ်မံ မီးရှို့နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲကတော့ မနေ့ကလည်း မရှိဘူး။ ဒီနေ့လည်း မရှိဘူး။ သက်သက်မဲ့ ရွာတွေကို လိုက်ရှို့တာပဲ။ အခု လျှော်ဖြူကုန်းရွာကို မီးရှို့နေတယ်။ အဲဒီရွာမှာပဲ ရှိသေးတယ်။ အခုထိ မီးလောင်နေတုန်း"
နှောကုန်းနဲ့ လျှော်ဖြူကုန်းရွာဟာ တစ်ရွာကို အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ ရွာတွေဖြစ်ပြီး လက်ရှိမှာ အိမ်ခြေဘယ်နှစ်လုံး မီးလောင်ဆုံးရှုံးတယ်ဆိုတဲ့ အရေအတွက် အတိအကျ ကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ရပ်ရွာတွေကို ဝင်ရောက်တာမရှိသလို မီးရှို့မှုတွေကို PDF အဖွဲ့တွေက ကျူးလွန်နေကြတာဖြစ်တယ်လို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။
ကန့်ဘလူမြို့နယ်နဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ ခင်ဦးမြို့နယ်ထဲက သာဂရရွာ ကိုလည်း ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၇၀ ခန့် မီးရှို့ခံခဲ့ရသလို အသက် ၇၉ နှစ်အရွယ် အဘွားအိုတစ်ဦးလည်း မီးလောင်သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။