မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းထောက်ပံ့တဲ့ ကုမ္ပဏီခြောက်ခုကို ဗြိတိန်ပိတ်ဆို့အရေးယူ

မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းပေးပို့နေတဲ့ ရုရှားကုမ္ပဏီ သုံးခုနဲ့ မြန်မာကုမ္ပဏီ သုံးခုကို ဗြိတိန်အစိုးရက မနေ့က ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

မြန်မာလက်နက်ပွဲစားကုမ္ပဏီတွေ ဖြစ်တဲ့ Synpex Shwe၊ Myanmar New Era Trading နဲ့ Sky Aviator နဲ့ ရုရှား Ural Avia၊ Sins Avia Trading House နဲ့ JSC Gorizont ကုမ္ပဏီတွေကို စီးပွားရေးအရ အရေးယူပိတ်ဆို့လိုက်တာပါ။

၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ခုနှစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂက အစီရင်ခံစာထုတ်ပြန်ပြီးနောက် ရက်ပိုင်းအတွင်းမှာ ပိတ်ဆို့အရေးယူမှုအသစ် ထွက်ပေါ်လာတာပါ။

တိုင်းရင်းသားပြည်နယ်တွေက အိုးမဲ့အိမ်မဲ့ဖြစ်ရသူ အများစုဟာ လေကြောင်းတိုက်ခိုက်မှု ဒါမှမဟုတ် လေကြောင်းတိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

Myanmar New Era Trading ဟာ ရုရှားလုပ် Mi-17 စစ်ရဟတ်ယာဉ် အပိုပစ္စည်းတွေဝယ်ယူပေးတဲ့ ကုမ္ပဏီဖြစ်ပြီး Sky Aviator က စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရုရှားနဲ့ယူကရိန်းက စစ်လက်နက်ပစ္စည်းတွေအတွက် ပွဲစားလုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Synpex Shwe ကုမ္ပဏီဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရုရှား Sins Avia Trading House ကနေ မြန်မာစစ်တပ်အတွက် ရဟတ်ယာဉ်အပိုပစ္စည်းတွေ တင်သွင်းပေးပြီး စင်ကာပူမှာလည်း ရုံးခန်းရှိပါတယ်။

ဗြိတိန်အစိုးရက ဒီလိုအရေးယူလိုက်တာကို Burma Campaign UK နဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar တို့က ကြိုဆိုလိုက်ပြီး ပိတ်ဆို့အရေးယူမှုကို အရှိန်မြှင့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။