ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဆက်ရှိနေကြောင်း ကုလအရာရှိပြောကြား
2023.09.21
Updated 6:54 AM Sept 22, 2023
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ရှိနေဦးမယ်လို့ ကုလသမဂ္ဂအရာရှိတစ်ဦးက RFA ကို စက်တင်ဘာလ ၂၁ ရက် ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
အဖွဲ့ဝင်နိုင်ငံအသီးသီးက စေလွှတ်တဲ့ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီးရာထူးကို ကုလသမဂ္ဂဆိုင်ရာနိုင်ငံကိုယ်စားလှယ်ခန့်ထားရေး စိစစ်တဲ့ "ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီ" (Credential Committee) က နှစ်စဉ် ဆုံးဖြတ်အတည်ပြုပေးရတာ ဖြစ်ပါတယ်။
အခုနှစ်အတွက် ပြန်ဖွဲ့စည်းလိုက်တဲ့ ကော်မတီအသစ်က စက်တင်ဘာ ၅ ရက်နေ့ကတည်းက တစ်ကြိမ်တစ်ခါမှ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်တာမရှိသေးတဲ့အတွက် လက်ရှိကာလမှာ ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမယ်လို့ အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့က အတည်ပြုပြောကြားပါတယ်။
"စက်တင်ဘာလ ၅ ရက်က အရည်အချင်းစစ်ကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ကော်မတီအစည်းအဝေးလုပ်တာ မရှိသေးပါဘူး၊ အရင်ရှိနေတဲ့ ကိုယ်စားပြုမှုတွေအတိုင်း ဆက်ရှိနေမှာပါ။ ပြီးခဲ့တဲ့နှစ်က ကိုယ်စားပြုသူတွေ ဒီနှစ်မှာလည်း ဆက်ရှိနေမှာပါ"
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ Myanmar Accountability Project က ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရာထူးအတွက် သက်တမ်းတိုးလိုက်တာကို ထောက်ခံကြိုဆိုကြောင်း ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို RFA က စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်း တွေ့ဆုံမေးမြန်းချိန်မှာ ကော်မတီဆုံးဖြတ်ချက် တရားဝင်ထွက်မလာသေးဘဲ မနှစ်ကအတိုင်းသွားမယ်လို့ သိရကြောင်း ပြောပါတယ်။
“Credentials ကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က အသစ်ဖွဲ့စည်းပြီးဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဒီကော်မတီက အစည်းအဝေးမထိုင်သေးပါဘူး။ ဒီအစည်းအဝေးက နိုဝင်ဘာလကုန် ဒီဇင်ဘာလထဲမှာ လုပ်လေ့ရှိပါတယ်။ ကော်မတီရဲ့ တရားဝင်ဆုံးဖြတ်ချက်က အခုထိ တရားဝင် မထွက်သေးပါဘူး။ ကော်မတီထဲမှာပါတဲ့ တချို့ရဲ့ပြောဆိုမှုတွေ ရရှိတဲ့ indications (အရိပ်အမြွက်စကား) တွေအရ မနှစ်ကအတိုင်းသွားမယ်လို့ သိထားရတာရှိပါတယ်”
စိစစ်ရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်မရှိသေးတာကြောင့် ကုလအရာရှိရဲ့ ပြောကြားချက်အတိုင်း လက်ရှိအချိန်ထိ သူဟာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအဖြစ် ဆက်ရှိနေသေးတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် အရည်အချင်းစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေဆဲဖြစ်ကြောင်း ပြောပါတယ်။
"လောလောဆယ်အထိတော့ ဘာမှမသိရသေးပါဘူး။ သူတို့ထဲမှာ ဆွေးနွေးတာတော့ ရှိကောင်းရှိမှာပေါ့၊ အရည်အချင်းစစ်ကော်မတီ ကော်မတီအသစ်ကလည်း ဒီအပတ်ထဲမှ စဖွဲ့တာဆိုတော့လေ သူတို့အစည်းအဝေးတွေထိုင်ဖို့ နိုင်ငံတိုင်းကပို့လာတဲ့ ကိုယ်စားလှယ်စာရင်းကို သူတို့စိစစ်ပြီး အတည်ပြုလက်ခံတာတွေ လုပ်ရတာတော့ မြန်မာနိုင်ငံကိစ္စက သူတို့အတွက် အထူးကိစ္စပေါ့နော်။ မနှစ်ကဆိုရင် နိုဝင်ဘာလောက်မှ သူတို့ဆုံးဖြတ်ဖြစ်တယ်။ ဒီဇင်ဘာမှ အထွေထွေညီလာခံကနေ အတည်ပြု ဆုံးဖြတ်တယ်ပေါ့နော်၊ ဒီနှစ်လည်း အဲ့အချိန်လောက်မှာမှ ဖြစ်မယ်လို့ ထင်ပါတယ်။ လာမဲ့နှစ်အတွက်လည်း ဦးကျော်မိုးထွန်းဆက်လက်ခန့်အပ်ခံရမယ်လို့ ယုံကြည်ပါတယ်၊ လောလောဆယ်တော့ အရည်အချင်းစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတဲ့အနေအထားဖြစ်ပါတယ်"
ဒီသတင်းနဲ့ပတ်သက်လို့ တစ်စုံတစ်ရာမှတ်ချက်ရဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာစစ်ကောင်စီသံရုံးကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုမဲ့သူ မရှိပါဘူး။
တစ်ဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆက်ရှိနေတာကို ပြည်သူအများက ထောက်ခံကြိုဆိုကြတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောကြားပါတယ်။
"စစ်ကောင်စီရဲ့ ပြည်တွင်းမှာ မတရားဖိနှိပ်မှုတွေ မတရားအကြမ်းဖက်မှုတွေ မျိုးစုံလုပ်နေတဲ့ အနေအထားမှာ ဒီအခြေအနေကို ကမ္ဘာကြီးက အမှန်အတိုင်းသိအောင် ပြောမဲ့ဆိုမဲ့ ပုဂ္ဂိုလ်တစ်ယောက် မြန်မာပြည်ကိုယ်စား ကုလသမဂ္ဂစင်မြင့်မှာ ဆက်လက်ရပ်တည်နေတာ တွေ့ရတဲ့အတွက် ကျွန်တော်တို့ကတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။"
ကုလသမဂ္ဂရဲ့အရည်အချင်းစစ်ကော်မတီမှာ မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ တရုတ်နဲ့ ရုရှားတို့အပါအဝင် ကိုးနိုင်ငံ ပါဝင်ပါတယ်။ ဒီကော်မတီက သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ကို အတည်ပြုဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။
အခုလအစောပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်မဲ့ အထွေထွေညီလာခံမတိုင်ခင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ထားရှိဖို့ ပြည်ပရောက်မြန်မာတွေက နိုင်ငံအသီးသီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သူ့အနေနဲ့ စစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ ကိုယ်စားပြုကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကုလသမဂ္ဂ အစည်းအဝေးမှာ တရားဝင် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။