စစ်ကောင်စီက သေဒဏ်ကွပ်မျက်မှုတွေ လုပ်လာနိုင်တယ်လို့ ကုလကျွမ်းကျင်သူတွေ သတိပေး

မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Morris Tidball-Binz
မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Morris Tidball-Binz (Photo: RFA)

နိုင်ငံတကာ အသိုင်းအဝန်းဘက်က ပြင်းပြင်းထန်ထန်ထန်ထန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ဘူးဆိုရင် မြန်မာစစ်တပ်ဟာ ဖမ်းဆီးထားသူတွေကို သေဒဏ်ပေး ကွပ်မျက်တာတွေ လုပ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးက သတိပေးလိုက်ပါတယ်။

မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Morris Tidball-Binz တို့က အခုလို သတိပေးလိုက်တာလို့ ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံဘူးဆိုတာ ပြသဖို့ လိုသလို၊ မြန်မာစစ်တပ်ရဲ့ စစ်လက်နက် ရလမ်းတွေ၊ ငွေရပေါက်တွေကိုလည်း ပိတ်ဆို့ရမယ်လို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးက တိုက်တွန်းပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဖမ်းဆီးခံထားရသူ လေးဦးကို သေဒဏ်ပေး ကွပ်မျက်ခွင့် ပြုလိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာမှု မရှိကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေးပြီး စစ်ကောင်စီဘက်က ပြည်သူလူထုကို အကြောက်တရားဝင်အောင် ခြိမ်းခြောက်နေတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ လူပေါင်း ၁၁၄ ဦးထက်မနည်းကို သေဒဏ်ချမှတ်ထားပြီး အရပ်သား ၂ဝဝဝ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။