ကမ္ဘာ့ငတ်မွတ်မှုတိုက်ဖျက်ရေး အောင်မြင်ဖို့မလွယ်ကြောင်း ကုလပြောကြား
2024.07.24
၂၀၃၀ ပြည့်နှစ်အရောက် တစ်ကမ္ဘာလုံး ငတ်မွတ်မှုတိုက်ဖျက်ရေးရည်မှန်းချက် အောင်မြင်ဖို့ ပိုလို့မဖြစ်နိုင်ကြောင်း ရှုမြင်ရတယ်လို့ ဇူလိုင် ၂၄ ရက်မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
မနှစ်ကဆို ရေရှည်ငတ်မွတ်နေတဲ့ သူတွေအခြေအနေကို မပြောင်းလဲနိုင်သလောက် နီးနီးပဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနဲ့ အဟာရရေးရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ရေးထားပါတယ်။
ပဋိပက္ခ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် ၂၀၂၃ မှာ လူ ၇၃၃ သန်း ငတ်မွတ်တာနဲ့ ရင်ဆိုင်ရတယ်လို့ ဖော်ပြပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူ ၁၁ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အာဖရိကတိုက်မှာ လူငါးယောက်တိုင်း တစ်ယောက်နှုန်း ငတ်မွတ်တယ်လို့ ဆိုပါတယ်။
တချို့ဒေသတွေမှာ တိုးတက်အောင်လုပ်နိုင်ပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အခြေအနေက ပိုဆိုးဝါးတယ်လို့ FAO စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ညွှန်ကြားရေးမှူး David Laborde က ပြောပါတယ်။
ဒီရည်မှန်းချက်စတင်တဲ့ လွန်ခဲ့တဲ့ ကိုးနှစ်ကထက် ဒီနေ့အခြေအနေက ပိုဆိုးဝါးတယ်လို့ သူကပြောပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ဒေသတွင်းစစ်ပွဲတွေကြီးမားလာတာစတဲ့ ပြဿနာတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က မျှော်မှန်းထားတာတွေထက်တောင် ဆိုးဝါးပါတယ်လို့လည်း ပြောပါတယ်။
အခြေအနေတွေက ဒီတိုင်းဆက်သွားနေရင် ရာစုနှစ်အကုန်မှာ လူ ၅၈၂ သန်းလောက် ရေရှည်အဟာရဓာတ်ချို့တဲ့မှာ ဖြစ်ပြီး ဒီထဲက ထက်ဝက်က အာဖရိကတိုက်က ဖြစ်လိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။