လွိုင်ကော်က UN နဲ့ INGO ဝန်ထမ်းတွေကို ကရင်နီအဖွဲ့တွေ နေရာရွှေ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်

RFA Burmese
2023.11.18
လွိုင်ကော်က UN နဲ့ INGO ဝန်ထမ်းတွေကို ကရင်နီအဖွဲ့တွေ နေရာရွှေ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့တွင် ပိတ်မိနေသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။
Karenni Humanitarian Aid Initiative

ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၂၈ ယောက်ကို တောင်ကြီးမြို့ကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ကြေညာချက်ထုတ်လိုက်ပါတယ်။

အဲဒီလိုနေရာပြောင်းရွှေ့နိုင်ဖို့အတွက် IEC နဲ့ NUG အပြင် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်ရေးမှူးတွေ ညှိနှိုင်းပြီး ပစ်ခတ်တိုက်ခိုက်တာတွေ လျှော့ချခဲ့ကြတယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

UN နဲ့ INGO ဝန်ထမ်းတွေ၊ မိသားစုဝင်တွေကို ရွှေ့ပြောင်းနိုင်ခဲ့ပေမဲ့ လွိုင်ကော်မြို့မှာ အန္တရာယ်ဇုန်ထဲ ပိတ်မိနေတဲ့ ဒေသခံတွေ ကျန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးတိမ်းရှောင်နေရတဲ့ လွိုင်ကော်မြို့ခံ သုံးသောင်းခွဲရှိပြီး သူတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို နယ်စပ်ဖြတ်ကျော်ပြီး အကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်း ၁၃၄ ယောက်နဲ့ မိသားစုဝင် ၆၄ ယောက် စုစုပေါင်း ၁၉၈ ယောက်ကို ကရင်နီပူးပေါင်းအဖွဲ့တွေက နေရာရွှေ့ပြောင်းပေးခဲ့ပြီး ဘေးကင်းအောင် စောင့်ရှောက်ထားတယ်လို့ IEC က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ကရင်နီအဖွဲ့တွေ ဖမ်းဆီးသွားတယ်လို့ သတင်းတွေထုတ်ပြန်ထားပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးဖော်ဆောင်နေတဲ့ ကရင်နီပူးပေါင်းတပ်တွေက လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာနဲ့တစ်ပြိုင်နက် ပြည်သူတွေ လုံခြုံရေးကို အလေးထားဆောင်ရွက်နေသလို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့၊ ကတုတ်ကျင်းတွေ အခိုင်အမာဆောက်ထားဖို့လည်း တိုက်တွန်းထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ရေးအခြေအနေကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီပိုင်သတင်းစာမျက်နှာတွေကတဆင့် သတင်းထုတ်ပြန်ရာမှာတော့… လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပေမဲ့ တပ်မတော်က ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ တိုက်ပွဲကြား ပိတ်မိနေတဲ့ အရပ်သားတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။