ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီဟာ မကြာခင် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက် ထုတ်လိုက်ပါတယ်။
အဲ့ဒီခရီးစဉ်ဟာ ၁၁ ရက်ကြာမြင့်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး မဲဆောက်နဲ့ ချင်းမိုင်မြို့တွေကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကို စုံစမ်းသွားမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ပြီး ဒုက္ခသည်တွေနဲ့ ဒုက္ခသည် စခန်းခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိသလို ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ ဘဟဆန်ချာကျွန်းကိုလည်း သွားရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မစ္စ ရန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး မနေ့က ထုတ်ပြန်ချက်မှာတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း မစ္စ ရန်ဟီးလီက ပြောကြားထားပြီး ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာကို ၂၀၁၉ ခုနှစ် မတ်လမှာ လူ့အခွင့်အရေးကောင်စီမှာ တင်ပြမယ်လို့ သိရပါတယ်။