စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှု စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလပြော

စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ မြန်မာ့နိုင်ငံရေးအတိုက်အခံတွေကို တကယ်ကွပ် မျက်မယ်ဆိုရင် အဲဒါဟာ စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးဂျင်မီ အပါအဝင် အကြမ်းဖက်ဥပဒေနဲ့ သေဒဏ် ချမှတ်ခံထားရသူ လေးဦးကို ကွပ်မျက်မှာဖြစ်တယ်လို့ စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။

သူတို့ကို တကယ်ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ၁၉၉၀ နောက်ပိုင်းကစပြီး သေဒဏ် ပေးထားသူကို ပထမဆုံးကွပ်မျက်တဲ့အမှု ဖြစ်ပါလိမ့်မယ်။

သူတို့တစ်တွေကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကြိုးပေးကွပ်မျက်မှာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းထား တဲ့ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားကို ဦးဆောင်သူ Nicholas Koumjian က ပြောပါတယ်။

ဒီစုံစမ်းစစ်ဆေးရေးယန္တရားကို ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာပါ။

နိုင်ငံတကာဥပဒေအရ ဒီစွဲဆိုမှုမှာ ပြစ်ဒဏ်ချခံထားရသူတွေရဲ့ အခြေခံအခွင့်အရေးတွေကို အတိအလင်း ချိုးဖောက်ခံနေရတယ်ဆိုတာကို ရရှိထားတဲ့အချက်အလက်တွေက အထင် အရှားဖော်ပြနေတယ်လို့လည်း Nicholas Koumjian က ပြောပါတယ်။

မျှတတဲ့ တရားစီရင်မှုရဲ့ အခြေခံလိုအပ်ချက်ကိုတောင်မှ မလိုက်နာတဲ့ ဒီဆုံးဖြတ်ချက်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ ဒါမှမဟုတ် စစ်ရာဇဝတ်မှုတစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်မကတဲ့ ရာဇဝတ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း Mr.Koumjian က ဆိုပါ တယ်။

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းလိုက်ပြီးကတည်းက စစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူ တွေထဲက တစ်ရာကျော်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံ ရသူတွေကို မကွပ်မျက်ခဲ့တာ ဆယ်စုနှစ် အနည်းငယ်ကြာခဲ့ပြီ ဖြစ်ပါတယ်။