ဒုက္ခသည်စခန်းတွေပိတ်သိမ်းနိုင်ရေး UNHCR နဲ့ အစိုးရတို့ ဆွေးနွေး
2019.05.25
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရမ်ဒီ တို့ ၂၀၁၉၊ မေ ၂၃ ရက်နေ့က တွေ့ဆုံစဉ်
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရမ်ဒီ ဟာ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး၊ ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး အခုလိုဆွေးနွေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုတင်ပြချက်တွေနဲ့ပတ်သက်ပြီး အစိုးရက အကောင်အထည်ဖော်ပေးနေ တာ၊ လတ်တလော စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီပေးရေး၊ မြေပုံမြို့နယ်က တောင်ပေါ် ဒုက္ခသည်စခန်း ပိတ်သိမ်းနိုင်ရေး နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှု စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံရာမှာ တစ်ဖက်နိုင်ငံကို နေရပ်စွန့်ခွာသွားသူတွေ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရှိစေရေး၊ နေရပ်ပြန်လာသူတွေဟာလည်း ဂုဏ်သိက္ခာ ရှိရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အသီးသီးနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း မဟာမင်းကြီးတို့ မေလ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့ အကြား ၂၀၁၈ ဇွန်လ (၆) ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး၊ အဲဒီ စာ ချွန်လွှာအရ အသိုက်အဝန်းအခြေပြု စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေ၊ ထိုင်း-မြန်မာနယ်စပ်က ယာယီစခန်းတွေမှာ နေထိုင်နေတဲ့အထဲက မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားတွေကိစ္စ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။









