ကယားဒုက္ခသည် နှစ်သောင်းခွဲကျော်ကို UNHCR အရေးပေါ်ထောက်ပံ့

ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း ဒေသခံ ၂၅,၂၀၀ ကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇွန်လ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လဆန်းပိုင်းက အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ စောင်၊ ဆိုလာမီးအိမ်၊ ခြင်ထောင်၊ ရေပုံး၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်း၊ တာပေါ်လင်စ၊ ဖျာ စတာတွေကို ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

UNHCR အနေနဲ့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းကလည်း အရေးပေါ်ကယ် ဆယ်ရေးပစ္စည်းတွေကို ပထမဆုံး ထောက်ပံ့ပေးခဲ့ပြီး ဒီနေ့အထိဆိုရင် ပြည်နယ်အတွင်းက လူဦးရေ စုစုပေါင်း ၅၄, ၂၀၀ ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကလည်း ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ မေလကစပြီး လွိုင်ကော်မြို့အတွင်းက လူဦးရေ ၈၀,၀၀၀ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀၀ ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေကတော့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ရသူတွေ အားလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိသေးဘူးလို့ ထောက်ပြပြောဆိုထားကြပါတယ်။

လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ လူဦးရေ နှစ်သိန်းလောက်ဟာ စစ်ဘေး ဒုက္ခသည်တွေအဖြစ်ကို ရောက်ရှိနေကြတယ်လို့ ဒေသခံအရပ်ဘက်အဖွဲ့တွေက ပြောဆို ထားကြပါတယ်။