နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ရိုဟင်ဂျာ ၂၃ ဦးကို UNHCR ထောက်ပံ့မှု ရပ်
2023.06.07

နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာမိသားစု လေးစုက လူဦးရေ ၂၃ ဦးကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စားနပ်ရိက္ခာထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။
ဒုက္ခသည်သက်သာရေးနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ Md Mizanur Rahman က တနင်္လာနေ့မနက်( ဇွန်လ ၅ရက်)မှာ UNHCR ရဲ့ ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်တာလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတချို့ကို အတည်ပြုပြောထားပါတယ်။
“ဒီမိသားစုလေးစုက လူဦးရေ ၂၃ ယောက်ကို ရှေ့ပြေးစီမံချက်နဲ့ နေရပ်ပြန်ပို့ဖို့ သဘောတူထားပြီးဖြစ်တယ်။ UNHCR က တနင်္လာနေ့မနက်ကပဲ ရပ်နားလိုက်တာပါ။ ဘာကြောင့် သူတို့ရပ်ဆိုင်းလိုက်တယ်ဆိုတာမပြောထားပါဘူး။ တခြားနည်းနဲ့ ဒီရိုဟင်ဂျာတွေကို စားနပ်ရိက္ခာ ထောက်ပံ့နေတယ်။”
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေထဲက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးကြောင်း သက်သေအထောက်အထားခိုင်လုံသူတွေကို စိစစ်ပြီး ရှေ့ပြေးစီမံချက်အနေနဲ့ နေရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စစ်ကောင်စီတို့ ဆွေးနွေးဆုံးဖြတ်ထားတာပါ။
အဲဒီအစီအစဉ်အရ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက ၁၅၀၀ ကို ပြန်လည်လက်ခံဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နေရပ်ပြန်လာမယ့်ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက်ခြမ်းမှာ မြေကွက် ၇၅၀ စီစဉ်ထားတယ်လို့ စစ်ကောင်စီက မတ်လထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလကုန်လောက်ကလည်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုးနဲ့အဖွဲ့ဟာ ကော့ဘဇားက ဒုက္ခသည်စခန်းအမှတ် ၂၆ မှာ နေရပ်ပြန်ဖို့ သဘောတူထားတဲ့ ဒုက္ခသည်တွေထဲက ၃ဝဝ နီးပါးကို တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးမှုမပြေလည်ဘူးလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ဧပြီလမှာ ပြန်လည်လက်ခံရေးအစီအစဉ် စတင်မယ်လို့ စစ်ကောင်စီဘက်က ပြောထားပေမယ့် အစီအစဉ်မအောင်မြင်သေးပါဘူး။
UNHCR ကတော့ စစ်ကောင်စီ စီစဉ်နေတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ လက်ရှိ ရခိုင်ပြည်နယ်အခြေအနေအရ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးမဖြစ်နိုင်သေးဘူးလို့ ပြောထားပါတယ်။