အကြမ်းဖက်မှုတွေကြောင့် သေဆုံးတဲ့ကလေး ၅ဝ ကျော်ကြောင်း UNICEF ပြော

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ အခုဆိုရင် သီတင်းပတ် ၁၁ ပတ် ရှိသွားပါပြီ။ ဒီကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၅၂ ယောက် ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ မိန်းကလေး ၇ ယောက်နဲ့ ယောကျာ်းလေး ၄၅ ယောက် ပါဝင်ပါတယ်။

ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပြီး၊ ကလေးတွေနဲ့ လူငယ်တွေ ဘေး အန္တရာယ်ကင်းအောင် ကာကွယ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထပ်မံ တောင်းဆိုတဲ့အကြောင်း - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ခန့်မှန်းခြေ ကလေးငယ် ၄ သိန်းခွဲနီးပါး ပါဝင်တဲ့ လူ ၁ သန်းကျော်ဟာ မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူကုန်ကူးခံရမှု၊ ကျားမအခြေပြု အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ပိုများလာနေတယ်လို့လည်း UNICEF က သတိပေးထားပါ တယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကြောင့်လည်း ဒီအခြေအနေက ပိုဆိုးရွားလာစေတယ်လို့ ထောက်ပြထားပါတယ်။