ဒီနှစ်အတွင်း မြန်မာ့လူဦးရေထက်ဝက်ခန့် ဆင်းရဲသွားနိုင်ဟု UNICEF ခန့်မှန်း

မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မကြုံစဖူး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကို ရင်ဆိုင်နေရပြီး ကလေးငယ် ငါးသန်းအပါအဝင် မြန်မာပြည်သူ ၁၄.၄ သန်းဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UNICEF က ဆိုပါတယ်။

ဒီအရေအတွက်ဟာ အာဏာမသိမ်းခင်က နေရပ်စွန့်ခွာပြီး နေနေကြရတဲ့ လူ သုံးသိန်း လေးသောင်းကျော်အပြင် ထပ်ပြီးတိုးလာတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က ပဋိပက္ခတွေ မရှိခဲ့တဲ့ နေရာတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ရှိလာလို့ တိုင်းနဲ့ပြည်နယ် ၁၅ခုထဲက ၁၄ ခု လောက်မှာ မြေမြှုပ်မိုင်း၊ ပေါက်ကွဲစေတဲ့ စစ်လက်ကျန်ပစ္စည်း စတာတွေရဲ့ အန္တရာယ်ကို ကြုံနေရတယ်လို့ UNICEF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါရဲ့ ဒဏ်၊ အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်လာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေရဲ့ ဒဏ်တွေကြောင့် ဒီနှစ် ၂ဝ၂၂ ခုနှစ်ထဲမှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမယ့်အခြေအနေကို ရောက်နိုင်တယ်လို့လည်း UNICEFက သုံးသပ်ပါတယ်။